Sunday, January 17, 2010

နှလုံးသားထက်ကမိုးကောင်းကင်




(၁)

“အဲရစ်”လေးဟာရေးလက်စစာကို အဆုံးသတ်လိုက်ပါတယ်

“ဟုတ်တယ် ဒါအကောင်းဆုံးပဲ” “အဲရစ်”လေးဟာတစ်ကိုယ်တည်းရေရွတ်လိုက်ပါတယ်

“ငါဒီည ဒီနေရာကထွက်သွားမယ်”

စာကိုစာပွဲပေါ်မှာသေသေချာချာတင်လိုက်ယင်း ချာတိတ်လေး“အဲရစ်”ဟာဆုံးဖြတ်ချက်ကို သေသေချာချာချလိုက်ပါတယ်။


(၂)

“အဲရစ်”ဟာအင်မတန်အေးဆေးတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်

အရာရာကိုအရွယ်နဲ့မလိုက်အောင်ကို လေးလေးနက်နက်တွေးတောလေ့ရှိပါတယ်

“အဲရစ်”သူ့အမေ “နန်စီ”နဲ့အတူ ဖလော်ရီဒါပြည်နယ်ကမြို့လေးတစ်မြို့မှာ နေထိုင်ပါတယ်

သူ့အဖေ“ဂျွန်”ကတော့ နယူးယောက်မြို့ကြီးမှာနေပါတယ်

နဲနဲနားရှူပ်သွားလားမသိဘူး

“အဲရစ်” ကိုကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာပဲ သူ့မိဘတွေဟာ အကြောင်းကြောင်းတွေကြောင့် လမ်းခွဲခဲ့ကြပါတယ်

ဒါပေမယ့် အကောင်းဆုံးမိတ်ဆွေတွေအဖြစ်တော့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး

ဒီလိုနဲ့ ရက်တွေလတွေနှစ်တွေပြောင်းလာလိုက်တာ အခုဆို “အဲရစ်” ဟာ ၈နှစ်တောင်ရှိပြီလေ


(၃)

“နန်စီ” ဟာ တစ်ဦးတည်းသောသား “အဲရစ်”ကို အလွန်ချစ်ပါတယ် “အဲရစ်”ဟာ သူမရဲ့ဘဝ သူမရဲ့အသက်ပါပဲ

အဲဒါကြောင့်လဲ “ဂျွန်”နဲ့လမ်းခွဲပြီးကတည်းက တစ်ကိုယ်တည်းနေခဲ့တာပေါ့

သားလေးရဲ့မျက်နှာကိုငဲ့ပြီး လာပြီးချစ်ရေးဆိုတဲ့ ကာလသားမှန်သမျှကိုငြင်းဆန်ခဲ့ပါတယ်

တကယ်တော့ “နန်စီ”နဲ့“ဂျွန်”ဟာ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲပင်ခွဲခဲ့သော်ငြားလည်း ငယ်ချစ်တွေဖြစ်တာနဲ့အညီ

တစ်ယောက်ကိုတစ်ယောက် အချစ်မပြယ်ကြပါဘူး

ဒါပေမယ့် မိတ်ဆွေဆိုတဲ့ စည်းကိုခြားပြီး သူတို့ရဲ့အချစ်တွေကိုနှလုံးသားထောင့်တစ်နေရာမှာ သော့ခတ်ပြီး သိမ်းထားလိုက်ပါတယ်

အဲဒီအချစ်တွေနေရာမှာမောင်နှမလိုမေတ္တာမျိုးအစားထိုးပြီး တစ်ယောက်နဲ့တစ်ယောက် အစစ အရာရာဖေးမနေခဲ့ပါတယ်

တကယ်တမ်းမှာတော့ “နန်စီ”လိုပါပဲ “ဂျွန်”ဟာလဲ နောက်အချစ်သစ်မရှာပဲ တစ်ကိုယ်တည်း ရှင်သန်နေခဲ့တာပါလေ..။


(၄)

“ဂျွန်”နဲ့“နန်စီ” ဟာချစ်သူဘဝမှာကတည်းက မတဲ့အတူနေပါ တစ်ယောက်ကအပူ တစ်ယောက်ကအအေးဆို

ညှိရလွယ်မှာဖြစ်ပေမယ့် အခုသူတို့နှစ်ယောက်ကတော့ နှစ်ယောက်လုံးအပူဖြစ်နေတာပေါ့

ထစ်ခနဲရှိ ရန်ဖြစ်လိုက်ကြပြန်ပြီ တကျက်ကျက်နဲ့ ဒီလိုပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ချစ်သူသက်တမ်းငါးနှစ်အရောက်မှာ

သူတို့နှစ်ဦး လက်ထပ်ဖြစ်ခဲ့ကြပါတယ် တစ်ဦးကိုတစ်ဦး ငုံထားမတက်ချစ်ကြသည်လေ

လက်ထပ်ပြီးစမှာတော့ ဘာမှပြသနာမရှိ ပျော်လို့ရွှင်လို့ ရန်ဖြစ်ဖို့ကိုတောင်မေ့နေကြသည်လေ၊

“ဂျွန်”က နယူးယောက်က သတင်းစာတစ်စောင်မှာ သတင်းထောက်တစ်ယောက်အဖြစ်ဝင်လုပ်ပါတယ်

နဂိုကတည်းက စာရေးစာဖတ်အလုပ်ကို ဝါသနာကြီးခဲ့တာနဲ့အမျှ သတင်းထောက်လုပ်နေယင်းနဲ့ပဲ

တစ်ဖက်ကလဲ အချိန်ရယင်ရသလို အင်တာနက်ပေါ်မှာ ဝတ္ထုအတိုအစလေးတွေရေးယင်း လမ်းစရှာနေခဲ့တာပေါ့

အလုပ်အလွန်ကြိုးစားသလို “နန်စီ”အပေါ်မှာလဲ အလွန်ဂရုစိုက်ပြီး အလွန်ပဲသစ္စာရှိသူဖြစ်ပါတယ်

ဒီလိုပါပဲ “နန်စီ”ကလဲ “ဂျွန်”အတွက်ဆို ရေပူရေအေးမှအစ လိုလေသေးမရှိဂရုစိုက်ကာ အလွန်ပဲတွယ်တာချစ်ခင်ရှာသူလေးပါ


(၅)

တစ်နေ့ဂျွန်အလုပ်သွားနေချိန်မှာ “နန်စီ”ဟာ ခေါင်းတွေမူးပြီး အန်ချင်ပျို့ချင်တာနဲ့ သူ့အမေကိုဖုန်းဆက်ခေါ်ပြီး

ဆေးခန်းသွားပြပါတယ်

ဆေးခန်းမှာ စစ်ဆေးစမ်းသပ်မှုတွေလုပ်အပြီးမှာတော့ ဆရာဝန်က ဝမ်းသာစရာသတင်းကိုပေးပါတယ်

“ကွန်ဂရက်ကျူလေးရှင်းဗျာ ခင်ဗျားမှာကိုယ်ဝန်သုံးလရှိနေပါပြီ”

“နန်စီ”ဟာ ဝမ်းသာလွန်းလို့ သူ့ရင်အစုံဟာ တဒိတ်ဒိတ်ခုန်နေပါတယ်

“နန်စီ”နဲ့သူ့အမေ“ဆာရာ”တို့ဟာ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်တွယ်ပြီး ဝမ်းသာမျက်ရည်လည်နေပါတယ်

“သမီးရေ ဂျွန်ဆီဖုန်းဆက်ပြီးပြောလိုက်ဦးလေကွယ်”

“ဟုတ်ကဲ့ မေမေ သမီးအခုပဲဆက်လိုက်မယ် သူသိယင်အရမ်းဝမ်းသာမှာ..”

“နန်စီ”ဟာပြာပြောဆိုဆိုပဲ သူမရဲ့မိုဘိုင်းဖုန်းကိုထုတ်ပြီး “ဂျွန်”ရဲ့ဖုန်းနံပတ်ကို သွက်သွက်လေးနှိပ်လိုက်ပါတယ်...။


(၆)

ဒီအချိန်မှာ “ဂျွန်”ဟာ အမေရိကန်အလုပ်သမားတွေရဲ့အခွင့်အလမ်းတွေအပေါ် သမ္မတရဲ့ မိန့်ခွန်းနဲ့ပတ်သတ်ပြီး

သုံးသပ်ချက်ကိုဖော်ပြနိုင်ဖို့ အရမ်းအလုပ်ရှုပ်နေပါတယ်

အရေးကြီးသတင်းဖြစ်တဲ့အတွက်လဲ အယ်ဒီတာကဖိအားပေးနေသေးတယ်လေ

“ဂျွန်”ဟာ သတင်းတွေဖတ်ရ ရေးရ ပြန်ပြင်ရနဲ့ခေါင်းတွေပူထူနေပါတော့တယ်

“မှားလို့မဖြစ်ဘူး မှားလို့မဖြစ်ဘူး ဒါငါ့အစွမ်းကိုထုတ်ပြဖို့ အချိန်ကောင်းပဲ” “ဂျွန်”ဟာတစ်ကိုယ်တည်းရေရွတ်လိုက်ပါတယ်

ဆောင်းပါးပြီးဖို့စိတ်လောနေတာနဲ့အမျှ “ဂျွန်”ဟာ ဒေါသတွေအလိုလိုထွက်လာပါတော့တယ်

“ဒီခေါင်းကလဲ သုံးစားလို့မရပါဘူးကွာ လုပ်စမ်းပါ စကားလုံးလှလှနဲ့ ထိထိမိမိရှိအောင်ရေးရမလဲ ဟာ သုံးစားလို့မရတဲ့ခေါင်း..”

အဲဒီအခိုက်မှာပဲ “နန်စီ”ဆီကဖုန်းဝင်လာပါတယ်

“တီ တီ တီ တီ”

နဂိုကတည်းက စိတ်တိုနေတဲ့“ဂျွန်”ဟာဖုန်းကို ဒေါသတကြီးကောက်ကိုင်လိုက်ပါတယ်

“အရေးထဲမှာ ဘယ်ကဖုန်းလဲကွာ တောက်...ဟဲလို..ပြော ဘယ်သူလဲ”

“မောင်...နန်စီပါ”

“အေး..ပြော..ဘာကိစ္စလဲ”

“မောင် အခုအားလား စကားပြောဖို့အချိန်ရရဲ့လား..”

“ဟာ...မင်းတော်တော်လျှာရှည်ပါလား...မင်းတို့မိန်းမတွေဟာလေ တော်တော်ကိုအလိုက်ကန်းဆိုးမသိဘူး

ငါအခုအရမ်းအလုပ်ရှုပ်နေတယ် မင်းနဲ့ပေါက်လို့ပဲစား စကားတွေပြောဖို့ အချိန်မရှိဘူး”

“အရမ်းအရေးကြီးတဲ့ ကိစ္စပြောမလို့ပါမောင်ရဲ့ မောင်ဝမ်းသာမယ့်ကိစ္စမို့ပါ”

“ကဲ တော်တော့ကွာ တော်တော့ မင်းဟာမင်း ဘယ်လောက်ပဲအရေးကြီးတဲ့ကိစ္စဖြစ်ဖြစ် လာပြောမနေနဲ့တော့ မင်းဟာလေ

နဲနဲမှနားလည်မှုကိုမရှိဘူး မင်းနဲ့စကားပြောဖို့အချိန်မရှိဘူး မင်းပြောတာနားထောင်ဖို့လဲအချိန်မရှိဘူး တော်ပြီ ဒါဘဲ”

“ဂျွန်”ဟာပြောပြောဆိုဆိုပဲဖုန်းချလိုက်ပါတယ်

“ဟဲလို ဟဲလို” ထင်မှတ်မထားတဲ့စကာလုံးတွေကြောင့် “နန်စီ”ဟာ ရင်ထဲမှာစူးကနဲအောင်သွားရပါတယ်

“သြော် မောင်ရယ်..”

မျက်ရည်စက်တွေဟာ တိုင်ပင်ကိုက်မထားပါပဲ ပိုးပိုးပေါက်ပေါက်ကျလာခဲ့ပါတော့တယ်...။


(၇)

“ဂျွန်”ဟာ နောက်ဆုံးမှတော့ သူ့ရဲ့ဆောင်းပါးကို အောင်မြင်စွာအပြီးသတ်လိုက်ပါတယ်

“အင်း ငါလိုချင်တာဒီလိုအရေအသွေးမျိုးပဲ“ဂျွန်”ရေ ငါလူရွေးမမှားဘူး” ဘော့စ်က“ဂျွန်”ရဲ့ပခုံးကိုပုတ်ပြီးချီးကျူးပါတယ်

“ဂျွန်”ဟာ အရမ်းကိုကျေနပ်သွားပါတယ် ပီတိအဟုန်ကြောင့် တစ်ကိုယ်လုံးမြောက်ကြွမြောက်ကြွဖြစ်နေပါတယ်

“နန်စီသာဒီအကြောင်းသိယင်ဝမ်းသာမှာပဲ”လို့စဉ်းစားယင်း “နန်စီ”ဖုန်းဆက်တာကိုဖြတ်ခနဲ သတိရသွားပါတယ်

“အလို ဘုရားရေ ငါဘာတွေများပြောလိုက်မိပါလိမ့် ဒုက္ခပါပဲ ငါလဲငါ့အလုပ်နဲ့ပူထူပြီးပြောချင်ရာတွေလျှောက်ပြောလိုက်မိတာ..”

“ဂျွန်”ဟာ တုန်လှုပ်သွားပါတယ် စောစောကအူမြူးနေတာတွေ ကြက်ပျောက်ငှက်ပျောက်။

“ငါကိုကမိုက်ပါတယ်လေ အခုတော့ ခမျာဝမ်းနည်းနေရှာရောမယ်” တွေယင်း “ဂျွန်”ဟာမွန်းကြပ်လာပါတယ်

အဲဒီအချိန်မှာပဲ “ဂျွန်”ရဲ့ဖုန်းကမြည်လာပါတယ်

“တီ တီ တီ တီ”

“ဂျွန်”ဟာ ဝမ်းသာအားရကောက်ကိုင်လိုက်ပါတယ်

“ဟဲလို နန်စီလား ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်အရမ်းအလုပ်ရှုပ်နေလို့ကိုယ်..”

“ဟိုး ဟိုး ဟိုးထား နေပါဦးကွ ငါပါဟ ဖရက်ဒီပါဟ”

“သြော် အေး သူငယ်ချင်း”

“ဟား ဟား ဟား ကွန်ဂရက်ကျူလေးရှင်းကွာ သူငယ်ချင်း ငါအရမ်းဝမ်းသာတယ်”

“ဟင်..ဘာဖြစ်လို့လဲ ငါ့ဆောင်းပါးပါတဲ့သတင်းစာက ထုတ်တောင်မထုတ်ရသေးဘူး”

“အာ..ဘာတွေလျှောက်ပြောနေတာလဲ ငါမင်းအိမ်ကိုဖုန်းဆက်တယ် နန်စီနဲ့တွေလို့

မင်းတို့ ဖေဖေမေမေ ဖြစ်တော့မယ့်အကြောင်းသိပြီးပြီ ဟား ဟား တကယ်ဝမ်းသာတယ် သူငယ်ချင်းရာ”

“ဘာ..ဘယ်လို..ဘယ်..လို ဖေဖေ မေမေဖြစ်တော့မယ်.. ဟာ..ဟာ ဒါဆို..ဒါဆို နန်စီမှာကိုယ်ဝန်ရှိနေပြီပေါ့.”

“အေးလေ...အန် မင်းကဘယ်လိုဖြစ်တာလဲ အလန့်တကြားနဲ့”

“နန်စီမနက်ကဖုန်းဆက်တာ ဒီသတင်းပြောမလို့ဖြစ်မယ် ဟာ..ဒုက္ခပါပဲ..မဖြစ်ဘူး..သူငယ်ချင်းရေ

ငါနောက်မှမင်းဆီပြန်ဆက်လိုက်မယ်ကွာ နော် အရေးကြီးလို့”

“သြော်..အေး အေး..အိုကေ” “ဖရက်ဒီ”မှာတော့ နဝေတိမ်တောင်ဖြစ်လို့...။


(၈)

“ဂျွန်” ဟာကားဆီကိုအပြေးတပိုင်းလေးသွားနေယင်း လက်ကလဲ“နန်စီ”မိုဘိုင်းဖုန်းနံပတ်ကို နှိပ်လိုက်ပါတယ်

“ဆောရီး လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားခြင်း သို့မဟုတ် စက်သွယ်မှုဧရိယာပြင်ပသို့

ရောက်ရှိနေခြင်းကြောင့်ခေါ်ဆို၍မရနိုင်ပါရှင်”

“ဒုက္ခပဲ ဒုက္ခပါပဲ” “ဂျွန်”ဟာတော်တော်ကိုစိတ်ရှုပ်နေပါပြီ

ဒါနဲ့ ကားပေါ်တက်စက်နှိုးပြီး သူ့အိမ်ဘက်ဆီကိုဦးတည်လိုက်ပါတယ်

ဆန္ဒစောနေတဲ့အတွက် မီးနီနှစ်ခုလောက်ကိုတောင်ဖြတ်မောင်းမိခဲ့ပါသေးတယ်

အိမ်ရှေ့ကိုရောက်တာနဲ့ ကားကိုထိုးရပ်ပြီး သူ့အိမ်ပေါ်ကိုအပြေးလေးတက်လာခဲ့ပါတယ်

“နန်စီရေ နန်စီ အချစ်ရေ ကိုယ်ပြန်လာပြီ...”

အိမ်တွင်းမှ ဘာတုန့်ပြန်မှုမှမရပါ

“ဟင် ဘယ်လိုဖြစ်တာပါလိမ့် ဘယ်တွေများသွားနေပါလိမ့်”

“ဂျွန်”ဟာ သူ့မှာရှိတဲ့သော့နဲ့ဖွင့်ပြီး အိမ်ထဲကိုဝင်လိုက်ပါတယ်

“နန်စီရေ အချစ်ရေ ဘာတွေလုပ်နေတာလဲကွာ ကိုယ်ပြန်လာပြီလေ နန်..”

တစ်စုံတစ်ခုကိုတွေ့လိုက်ရတဲ့ အတွက် “ဂျွန်”ဟာမင်တက်လို့သွားပါတယ်

သူတွေ့လိုက်ရတာကတော့ ဧည့်ခန်းစားပွဲပေါ်မှာ စာတစ်စောင် ပြီးတော့ လက်စွပ်လေးတစ်ကွင်း။

“ဂျွန်”ဟာစာကိုရင်မောစွာနဲ့ ကောက်ဖတ်လိုက်ပါတယ်

““ဂျွန်”ရေ...

ကျွန်မတို့နှစ်ယောက်ရှေ့ဆက်ဖိုမဖြစ်နိုင်တော့ဘူး

ကျွန်မအတွက် မိသားစုအတွက် အချိန်နဲနဲလေးတောင်မပေးနိုင်တဲ့ယောင်္ကျားတစ်ယောက်နဲ့ ကျွန်မရှေ့ဆက်လက်မတွဲနိုင်တော့ဘူး

ရှင့်အတွက် အလုပ်လုပ်နေရယင်အားလုံးပြည့်စုံလိမ့်မယ်လို့ထင်ပါတယ်

ကျွန်မအခု အမေနဲ့အတူလိုက်သွားပါတယ်

ရှင်လိုက်လာစရာမလိုပါဘူး ဘာမှဖြေရှင်းစရာလဲမလိုပါဘူး

နောက်နှစ်ရက်လောက်နေယင် ကျွန်မရှေ့နေကတဆင့် ကွာရှင်းစာချုပ်ပို့ပေးလိုက်မယ်

“နန်စီ””

“ဘာ..ဘာတွေဖြစ်ကုန်တာလဲ” “ဂျွန်”ဟာတုန်တုန်ရီရီနဲ့ရေရွတ်လိုက်ယင်း စာကိုအခေါက်ခေါက်အခါခါဖတ်နေမိပါတယ်

ကမ္ဘာကြီးတစ်ခုလုံး သွက်သွက်ခါအောင်တုန်လှုပ်သွားသလိုပါပဲ

“မဟုတ်ဘူး မဟုတ်ဘူး...ဒါတကယ်မဟုတ်ဘူး..”“ဂျွန်”ဟာ ဆို့နစ်စွာရေရွတ်လိုက်ယင်း ပင်ပန်းနွမ်းနယ်စွာနဲ့

ဆက်တီခုံပေါ်ထိုင်ချလိုက်ပါတော့တယ်..။

ဒီလိုနဲ့ပဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ လက်တွဲမြဲခဲ့တဲ့ချစ်သူနှစ်ဦးဟာ ထင်မှတ်မထားတဲ့အဖြစ်အပျက်လေးတစ်ခုကြောင့်

အပျက်ပျက်နဲ့ နှခေါင်းသွေးထွက်ခဲ့ကြပါတယ်...။


(၉)

“အဲရစ်”လေးဟာ ဆရာမရေးခိုင်းတဲ့ အက်ဆေးခေါင်းစဉ်ကိုကြည့်ယင်း ငိုင်ငိုင်လေးဖြစ်နေရှာပါတယ်

“မိဘမေတ္တာ”တဲ့

ဆရာမကပြောတယ်လေ

“မိဘဆိုတာ သားသားမီးမီးတို့ရဲ့ မေမေနဲ့ဖေဖေကိုပြောတာကွယ့်

သားသားမီးမီးတို့ရဲ့ ဖေဖေနဲ့မေမေဟာ သားသားမီးမီးတို့အပေါ်မှာ အရမ်းမေတ္တာကြီးမားတာကွယ့်”

“တိုနီ”ဆိုတဲ့ကလေးကထမေးတယ်

“ဆရာမ မေတ္တာဆိုတာဘာကြီးလဲ”

“သြော် သားလေးရဲ့ မေတ္တာဆိုတာ ချစ်တာပေါ့ကွယ့် သားလေးရဲ့ဖေဖေနဲ့မေမေဟာ သားလေးအပေါ်ချစ်တာ ဂရုစိုက်တာတို့

ကောင်းစေချင်တာ လိမ္မာစေချင်တာတို့ အဲဒါကိုပြောတာကွယ့်။ ကဲ မေတ္တာရဲ့အဓိပ္ပာယ်ကိုနားလည်ပြီလားကလေးတို့”

“နားလည်ပါပြီဆရာမ” တစ်တန်းလုံးကဖြေတယ်

“အဲရစ်”လေးကတော့ လိုက်မဖြေမိပါဘူး သူ့အတွေးနဲ့သူ၊

“ဆရာမပြောသလိုဆို မေမေက ငါ့ကိုဂရုစိုက်တာ ဆုံးမတာ ငါနေမကောင်းယင်ပြုစုတာ ငါ့ကိုချစ်လို့ ငါ့အပေါ်မှာမေတ္တာထားလို့ပေါ့

ဒါပေမယ့် ငါ့အဖေကတော့...” ရင်ထဲမှာဆို့နစ်သွားပါတယ်

“အဲရစ်”လေးဟာ သူ့အဖေကို သုံးနှစ်သားအရွယ်က တစ်ကြိမ်သာတွေ့ဖူးခဲ့တာပါ

အဲဒီတုန်းက “ဂျွန်”ဟာ “အဲရစ်”လေးရဲ့မွေးနေ့ကို အလုပ်မအားတဲ့ကြားကရောက်လာခဲ့တာပါ

“အဲရစ်”လေးဟာ ဂျွန်ပေးတဲ့ လက်ဆောင်ဝက်ဝံရုပ်ကြီးနဲ့ အပျော်ကြီးပျော်ခဲ့တာပေါ့

“အဲရစ်”လေးအတွက် အဲဒီနေ့ဟာ သူ့တစ်သက်တာမှာ အရမ်းကိုပျော်ခဲ့ရတဲ့နေလေးပေါ့

အဲဒီနောက်ပိုင်းမှာ “ဂျွန်”ဟာသူတို့သားအမိဆီရောက်မလာတော့ပါဘူး

တစ်ခါတုန်းက “အဲရစ်”လေးဟာ သူ့အမေကိုမေးဖူးပါတယ်

“မေမေ ဖေဖေကဘာလို့သားတို့နဲ့လာမနေတာလဲ”

“သားဖေဖေက အရမ်းအလုပ်များတာသားရဲ့”

“ဟင် အလုပ်ကအရမ်းများလို့လား မေမေရဲ့”

“အင်းပေါ့ များတာပေါ့ ကဲပါ သားရယ် မေမေပုံပြင်ပြောပြမယ် သားလေးနားထောင်ယင်းအိပ်တော့နော်”

“နန်စီ”ဟာ စကားလမ်းကြောင်းပြောင်းပြီး ရောမခေတ်ပုံတစ်ခုကိုပြောပြပါတယ်

“အဲရစ်”လေးရဲ့မျက်လုံးထဲမှာတော့ သူ့အဖေ“ဂျွန်”ကို ရောမခေတ် ဂလတ်ဒီရေးတား

သူရဲကောင်းတွေပုံစံမျိုးနဲ့ မြင်ယောင်နေတော့တာပေါ့

“အဲရစ်”လေးဟာ ပင့်သက်ကိုရှိုက်လိုက်ပါတယ် ဆရာမရေးခိုင်းတဲ့အက်ဆေးကိုဘယ်ကစရေးရမလဲသူမသိပါ..။


(၁၀)

“သားရေ အဲရစ်ရေ လာပါဦးကွယ် ဒီမှာသားဖေဖေဆီကဖုန်းလာတယ်ကွယ်”

“အဲရစ်”လေးဟာ သူ့အမေရဲ့အသံကြောင့် အိပ်ယာကလန့်နိုးသွားပါတယ်

“ဖေဖေ့ဆီကဖုန်းလာတယ်ဆိုပါလား” အဲရစ်လေးဟာတအံ့တသြ ရေရွတ်လိုက်ပါတယ်

“ဂျွန်”ဟာ သူတို့သားအမိဆီကို ဖုန်းဆက်ခဲပါတယ်

သတင်းထောက်ဖြစ်တာနဲ့အညီ သတင်းလိုက်ရ ဖောင်တင်ရနဲ့ အလုပ်ကရှုပ်သမို့လေ

“အဲရစ်”လေးရဲ့မွေးနေ့ ဆိုလျှင်တော့ မကွက်မပျက်ဖုန်းဆက်သည့်အပြင် “အဲရစ်”လေးအတွက် လက်ဆောင်အရုပ်တွေ မုန့်တွေ

အင်္ကျီတွေလဲပို့ပေးတတ်သေးတယ်လေ

“အဲရစ်”လေးဟာ အိပ်ယာကနေလူးလဲထလိုက်ပြီး သူ့အမေရှိရာကိုပြေးသွားလိုက်ပါတယ်

“မေမေ ဖေဖေ့ဆီကဖုန်းဆို”

“အေးကွယ့် သား ရော့”

“ဟဲလို ဖေဖေ”

“အေး သားလေးနိုးပြီလားကွယ့် ဆောရီးသားရေ ဖေဖေလဲ အလုပ်မသွားခင်လေးဆက်ရတာမို့ အရမ်းစောသွားတယ်ကွယ်”

“သားနိုးနေပါပြီ ဖေဖေရဲ့ ကိစ္စမရှိပါဘူး”

“သား ဒီလ ၂၅ရက်နေ့ဟာဘာနေ့လဲ မှတ်မိရဲ့လားကွယ့်”

“ဟင်..သြော် သားမွေးနေ့လေ”

“အင်း ဟား ဟား ငါသားလေးက ကိုယ့်မွေးနေ့တော့ကိုယ်မှတ်မိသားပဲ အေးကွယ့် ဖေဖေလဲအလုပ်ကနေခွင့်ရတာနဲ့

သားမွေးနေ့အမီ သားတို့ဆီလာလည်မလို့ကွယ့်”

“ဟင် ဖေဖေတကယ်ပြောတာလား ဖေဖေ သားတို့ဆီတကယ်လာမှာလား”

“အေးပေါ့ကွယ့် သားမွေးနေ့မှာ သားလိုချင်တဲ့အရုပ်တွေ အများကြီးလိုက်ဝယ်ပေးမယ် သိလား သား”

“ရပါတယ်ဖေဖေရယ် ဖေဖေသာအမြန်ဆုံးလာခဲ့ပါ သားစောင့်နေမယ်”

“အေးပါကွယ် ဖေဖေအမြန်ဆုံးလာခဲ့ပါမယ် ကဲ ဖေဖေရုံးသွားတော့မယ်ကွယ် နောက်မှတွေ့မယ်သားရေ”

“ဟုတ်ကဲ့ ဒါနဲ့ ဖေဖေ”

“အေး သား ပြော”

“သား ဖေဖေ့ကိုအရမ်းချစ်တယ်”

“သြော် သားရယ် ဖေဖေလဲသားကိုအရမ်းချစ်ပါတယ်ကွယ်”

“တာ့တာ ဖေဖေ”

“အေး တာ့တာ တာ့တာ မေ့မေ့ကိုဂရုစိုက်နော် သား”

“ဟုတ်”

“ဂျွန်”ဖုန်းချသွားပါပြီ

“အဲရစ်”လေးဟာ အရမ်းပဲဝမ်းသာနေမိပါတယ်

သူ့ကိုယ်သူမယုံကြည်နိုင်လောက်အောင်ဖြစ်နေပါတယ်

ညကပဲ သူဖေဖေ့ကိုအရမ်းသတိရနေခဲ့သည် အခုဖေဖေက သူတို့ဆီလာလည်မယ်တဲ့ ကောင်းလိုက်တာ၊

တစ်ဆက်တည်း ကျောင်းကအက်ဆေးအကြောင်းခေါင်းထဲဝင်လာတော့ “အဲရစ်”လေးမပျော်နိုင်ရှာတော့ပါ

“ဖေဖေဟာ ငါ့ကို တကယ်ရောချစ်ရဲ့လား ဖေဖေငါ့ကိုချစ်တယ်ဆိုယင် ငါတို့နားမှာပဲအမြဲနေနေရမှာပေါ့ ငါ့ကိုဂရုစိုက်ရမှာပေါ့

အခုတော့ ဖေဖေက တခြားနေရာမှာသွားနေတယ် ငါ့ကိုပစ်ထားတယ် မေ့လောက်ပြီဆိုမှ တစ်ခါတစ်ခါပေါက်ပေါက်လာတယ်

ဖေဖေဟာ ငါ့ကို မေမေချစ်သလောက်မချစ်ဘူးထင်ပါတယ်” “အဲရစ်”လေးဟာ အဲဒီလိုတွေးမိပြီး ဝမ်းနည်းသွားပါကာ

တယ်လီဖုန်းခွက်ကို ကိုင်ယင်းငိုင်နေရှာတော့တယ်


(၁၁)

ဒီလိုနဲ့ “အဲရစ်”လေးရဲ့ မွေးနေ့မတိုင်ခင်တစ်ရက်မှာ “ဂျွန်”ရောက်လာပါတယ်

“အဲရစ်”လေးဟာ အရမ်းပဲဝမ်းသာအယ်လဲဖြစ်နေရှာပါတယ်

“နန်စီ”ကတော့ ပြုံးရုံသာပြုံးပေမယ့် ရင်ထဲမှာတော့ တဒိတ်ဒိတ်ခုန်နေမိတာကြောင့်

သူ့ကိုယ်သူ အံ့သြနေမိပါတယ်

“အဲရစ်”လေးဟာ သူ့အဖေနားကမခွာတော့ပါဘူး

သူတို့သားအဖဟာ တစ်နေကုန်ကစားကြတယ်

သားအမိသားအဖသုံးယောက် မုန့်တွေထွက်စားကြတယ်

နောက်ပြီး ရုပ်ရှင်သွားကြည့်ကြတယ်

မိုးစုန်းစုန်းချုပ်မှ အိမ်ပြန်လာကြပါတယ်

အိပ်ကာနီးကျတော့ “ဂျွန်”က“အဲရစ်”ကို သီချင်းလေးဆိုပြီးသိပ်ပါတယ်

တကယ်တော့ “အဲရစ်”လေးဟာ အိပ်ချင်စိတ်လုံးဝမရှိပါဘူး

ဒါပေမယ့် အိပ်ချင်ယောင်ဆောင်နေလိုက်ပါတယ်

“ဂျွန်”ဟာ “အဲရစ်”လေးအိပ်ပျော်နေပြီအထင်နဲ့ သီချင်းဆိုတာကိုရပ်လိုက်ပြီး အဲရစ်လေးရဲ့နဖူးကို ဖွဖွလေးနမ်းကာ

အခန်းထဲကထွက်သွားပါတယ်


(၁၂)

“အဲရစ်”လေးဟာ အိပ်မပျော်နိုင်ပဲ ဟိုဘက်သည်ဘက်လူးလိမ့်နေပါတယ်

“ဖေဖေငါ့ကို တကယ်ရောချစ်ရဲ့လား ငါ့မွေးနေ့ပြီးယင် ဖေဖေကပြန်သွားဦးမှာပဲလေ

နောက်ရောဘယ်တော့မှ ထပ်တွေ့ရမှာလဲ”

“အဲရစ်”လေးဟာ ဝမ်းနည်းလာပါတယ်

နောက်တော့ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်

သူဒီည ဒီကထွက်သွားမယ် သူဝမ်းနည်းယင် စိတ်ညစ်ယင် သွားသွားထိုင်နေကျ ကျောင်းနားက ပန်းခြံလေးထဲကိုသွားမယ်

အဲဒီနောက်မှာတော့ “အဲရစ်”လေးဟာ သူကအဖေနဲ့အမေအတွက် စာတစ်စောင်ကိုရေးပါတယ်

နောက်တော့ အနွေးထည်တစ်ထည်ကို ဝတ်လိုက်ပြီး သူ့အခန်းထဲကထွက်လိုက်ပါတယ်

“နန်စီ”ရော “ဂျွန်”ပါ အိပ်မောကျနေလောက်ပါပြီ

“အဲရစ်“လေးဟာ အိမ်အောက်ထပ်ကို တိတ်တဆိတ်ဆင်းကာ နောက်ဖေးတံခါးကတဆင့် အိမ်အပြင်ကိုထွက်လိုက်ပါတယ်

နောက်တော့ ဟိုးအမှောင်ထုထဲကို အပြေးလေးတိုးဝင်ပျောက်ကွယ်သွားပါတော့တယ်...။


(၁၃)

မနက်မိုးလင်းတဲ့အခါမှာတော့ ဂျွန်နဲ့နန်စီတို့ဟာ အဲရစ်ကိုမတွေ့လို့ ဗျာများနေကြပါတယ်

“မင်းတော်တော်အသုံးမကျတာပဲ အမေဖြစ်ပြီးကလေးဘယ်ထွက်သွားမှန်းမသိဘူးလား”

“အိုတော် ကျွန်မလဲအိပ်ပျော်နေတာ ဘယ်လိုလုပ်သိမှာလဲ အဲဒါ ရှင့်ကြောင့် ညကသားကိုရှင်သိပ်တာလေ ရှင့်ကြောင့်”

“ကဲ ထားပါတော့ကွာ ငါ့ အပြစ်ပဲထားပါတော့ အခု အရေးကြီးတာ သားကို အမြန်ဆုံးရှာတွေ့ဖို့ပဲ”

“ဟင် ဒီမှာ စာတစ်စောင်ပါလား”

“ဟုတ်လား ပြစမ်း ဘာစာလဲ”

“သားလက်ရေးနဲ့ပဲ သားရေးသွားတာဖြစ်မယ်”

“ဟုတ်လား မှန်းစမ်း ငါဖတ်မယ်”

“အို ကျွန်မအရင်ဖတ်မယ်”

“ကဲပါကွာ အတူတူဖတ်ရအောင်”

“သဘော သဘော”

“ဖေဖေနဲ့မေမေ

ဒီစာဟာ ဖေဖေနဲ့မေမေအတွက်သားရေးခဲ့တာပါ

သားကျောင်းမှာ သူငယ်ချင်းတွေအများကြီးရှိတယ်

တစ်ချို့က အဖေရောအမေရောရှိတယ်

အဖေရောအမေရာက အရမ်းချစ်ကြ ကျောင်းကိုလာပို့ကြ လာကြိုကြနဲ့

တစ်ချို့သူငယ်ချင်းတွေကျတော့ အမေပဲရှိတယ်

သူတို့ဟာ သူတို့ အဖေရဲ့စောင့်ရှောက်မှု လုံခြုံမှုကိုမရကြဘူး

တစ်ချို့ကျတော့ အဖေပဲရှိတယ် အမေရဲ့နွေးထွေးမှု ဂရုစိုက်မှုကိုမရဘူး

သားသမီးတွေဟာ မိဘနှစ်ယောက်လုံးရဲ့မေတ္တာကို လိုအပ်ပါတယ်

သားလဲ ဖေဖေနဲ့မေမေရဲ့ အချစ်ကို အမြဲတမ်းလိုချင်ပါတယ်

ဖေဖေရယ် အဖေအနားမှာမရှိတဲ့ ကလေးတစ်ယောက်ရဲ့ဘဝဟာ အမိုးတစ်ခြမ်းပဲရှိတဲ့ တဲအိမ်လေးလိုပါပဲ

နေပူပူ မိုးရွာရွာ မလုံခြုံပါဘူး

ဟိုးကမိုးကောင်ကင်ကြီးကို တွေ့လား ဖေဖေ

အဲဒီမိုးကောင်ကင်ကြီးထဲမှာ ငှက်လေးတွေ အပူအပင်မရှိပျံသန်းနေကြတယ်လေ

မိုးကောင်ကင်ကြီးကြောင့် ငှက်ကလေးတွေရဲ့ နှလုံးသားတွေ လုံခြုံနေသလိုမျိုးပဲပေါ့

တကယ်တော့ ဖေဖေနဲ့မေမေဟာ သားရဲ့နှလုံးသားထက်ကမိုးကောင်းကင်ပါပဲ

ဖေဖေနဲ့မေမေတို့ရဲ့ မေတ္တာရိပ်အောက်မှာ သားရဲ့နှလုံးသားလုံခြုံချင်ပါတယ်

မနက်ဖြန် ဖေဖေရှိပါဦးမလား ဒီတစ်ခါပြန်သွားယင် နောက်ဘယ်တော့မှတွေ့ရမှာလဲဆိုတဲ့မေးခွန်းတွေက သားကို

အချိန်တိုင်းနှိပ်စက်နေပါတယ်

သားရဲ့မွေးနေ့မှာ ဘာအရုပ်မှမလိုချင်ပါဘူး ဘာမုန့်မှမစားချင်ပါဘူး သားရဲ့နှလုံးသားထက်ကမိုးကောင်းကင်ကိုပဲ

အမြဲပိုင်ဆိုင်ချင်ပါတယ်

ဖေဖေနဲ့မေမေသားကို တကယ်ချစ်တယ်ဆိုယင် သားအတွက် အဲဒီလက်ဆောင်ကိုပဲပေးပါ

ဖေဖေနဲ့မေမေကိုအရမ်းချစ်တဲ့

“အဲရစ်””

စာကိုဆုံးအောင်ဖတ်ပြီးတဲ့အခါမှာတော့ “ဂျွန်”နဲ့ “နန်စီ”တို့ဟာ မျက်ရည်ဝဲနေတဲ့မျက်ဝန်းတွေနဲ့

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ယင်း နားလည်မှုတစ်ခုကိုရရှိသွားပါပြီ

“ကိုယ်တို့သားလေးကိုသွားရှာမယ် ပြီးယင် ကိုယ်တို့မိသားစု ဘယ်တော့မှမခွဲတော့ဘူး နော်”

“နန်စီ”ဘာမှပြန်မပြောတော့ပါ စီးကျလာတဲ့မျက်ရည်တွေကြားက လေးလေးနက်နက်လေးတစ်ချက်ပြုံးလိုက်ပြီး

ခေါင်းလေးတစ်ချက်ညိမ့်ကာ “ဂျွန်”ရဲ့ရင်ခွင်ထဲတိုးဝင်လိုက်ပါတယ်

သူတို့နောက်ထပ် မဝေးတော့ဘူးလေ

“သြော် နှလုံးသားထက်ကမိုးကောင်းကင်တဲ့လား”...။ ။

No comments:

Post a Comment