
မိုးတွေတောင်ရွာတော့မယ်နော်
ကောင်းကင်ကြီးတစ်ခုလုံးလည်းမည်းလို့မှောင်လို့
ဟော...ပြောယင်းဆိုယင်း မိုးစက်တွေတောင်ကျလာပါရောလား....။
မိုးစက်လေးတွေကို ငေးနေယင်းနဲ့ ကျွန်တော့်စိတ်တွေဟာ ဟိုးအတိတ်တစ်နေရာဆီ ဝေးလွင့်လို့သွားပါတယ်...။
ကျွန်တော်လေ မိုးစက်တွေကိုချစ်တယ် ဟိုးငယ်ငယ်လေးထဲကချစ်ခဲ့တာပေါ့
ဟိုးငယ်ငယ် ကလေးဘဝတုန်းကတော့ မိုးရွာယင်လွှတ်ပျော်တာလေ
မိုးကျပြီဆိုတာနဲ့ ဘောလုံးတစ်လုံးနဲ့ မိုးရွာထဲလျှောက်ပြေးပြီး ကမြင်းတော့တာပါပဲ
မိုးမတိတ်မချင်းအိမ်ထဲပြန်မဝင်ဘူး
တစ်ခြားကလေးတွေကသူငယ်ချင်း အပေါင်းအသင်းတောင့်မှ မိုးရွာထဲထွက်ဆော့ကြတာ
မိုးကြိုးပစ်မှာကြောက်သေးသကိုး..
ကျွန်တော်ကတော့ အဖော်ရှိရှိမရှိရှိ တစ်ကိုယ်တည်းကိုပျော်တာပါ
ကစားလို့ဝပြီဆိုယင်တော့ အိမ်ထဲပြန်ဝင် ရေမိုးချိုးပြီး ကော်ဖီပူပူလေးသောက်ပြီး တရေးတစ်မောအိပ်တော့တာပါပဲ
ကျွန်တော်တို့အိမ်ကသွပ်မိုးလေ အဲဒီသွပ်ခေါင်မိုးပေါ် မိုးစက်လေးတွေ တစ်ဖောက်ဖောက်ကျတဲ့အသံကို နားထောင်ပြီးအိမ်ရတာ ဇိမ်ပဲလေ။
“မိုးကလေးညိုလာယင် လွမ်းမျက်ရည်လေးလည် ငယ်ငယ်တုန်းကသူငယ်ချင်းကိုသတိရပါတယ်...”
ကိုင်ဇာဆိုထားတဲ့သီချင်းလေးလေ ကျွန်တော်တို့ငယ်ငယ်ကအရမ်းကြိုက်ခဲ့တဲ့သီချင်းလေးပေါ့
အင်း..တကယ်လည်းတစ်ခါတစ်လေ ငယ်ငယ်က ကစားဖော်ကစားဖက် သူငယ်ချင်းတွေကို လွမ်းမိပါရဲ့ဗျာ
ကျွန်တော်တို့မိသားစုကနယ်ပေါင်းစုံသွားနေရတာဆိုတော့ ကျွန်တော်မှာသူငယ်ချင်းတွေကို ဝအောင်ပေါင်းရတယ်လို့မရှိပါဘူး
ဒီမြို့ကခွာ ဒီကသူငယ်ချင်းတွေနဲ့ခွဲ ဟိုမြိုကရောက်ပြန်တော့ ဟိုကသူငယ်ချင်းတွေနဲ့ပေါင်း အခုတော့လည်း ငယ်ပေါင်းကြီးဖော်
သူငယ်ချင်းတွေအားလုံး အဝေးတစ်နေရာဆီမှာ..။
အင်းလေ တကယ်တော့လည်း လူ့ဘဝဆိုတာ ခရီးတစ်ခုလိုပါပဲ အားလုံးဟာ လမ်းခုလတ်မှာ တစ်ခဏတာတွေ့ကြ ချစ်ကြ ခင်ကြ
ချစ်လို့ ခင်လို့ ကြင်နာလို့မဝခင်မှာပဲ ခွဲခွာကြရပြန်တာပါပဲ..။
ကျွန်တော်ကမိုးကိုချစ်တယ်ဆိုလို့ မိတ်ဆွေတို့ တစ်လွဲတော့တွေးမသွားကြနဲ့ဦးနော်
ကျွန်တော့်မှာ“မိုး”ဆိုတဲ့ ကောင်မလေးတွေနဲ့ ဘာဇာတ်လမ်းတွေမှမရှိပါဘူး (အမှုပတ်မှာစိုးလို့ :))
ကျွန်တော်က မိုးရာသီမှာရွာတဲ့မိုးစက်လေးတွေကိုချစ်တာ မိုးစက်လေးတွေက အပြစ်ကင်းတယ်
ဟိုလူ့ကိုစိုစေ ဒီလူ့ကိုမစိုစေနဲ့ဆိုပြီးမျက်နှာမလိုက်ဘူး အားလုံးကိုညီတူညီမျှပဲ
ကျွန်တော်လေ တစ်ဖွဲဖွဲကျနေတဲ့ မိုးစက်တွေအောက်မှာ လမ်းလျှောက်ရတဲ့အရသာကို အရမ်းကြိုက်တယ်
ကျွန်တော်ကျောင်းသွားယင် ထီးဘယ်တော့မှမပါဘူး မိုးရွာယင်ပျော်တယ် မိုးရွာထဲထွက်ပြီး လမ်းလျှောက်တယ်
ကိုရီးယားကားတွေထဲကလို ထီးမိုးပေးမယ့်ကောင်မလေးများရှိမလားလို့တော့ မတွေးမိခဲ့ဖူးပါနော် :)
ထီးမိုးပေးမယ့်လူလဲမရှိသလို မိုးမိပြီးဖျားယင်လဲ လာပြီးပြုစုမယ့်လူမရှိပါဘူးဗျာ
ကိုယ့်ဘာသာ ကော်ဖီဖျော် ပါရာစီတမောသောက်ပြီးအိပ်ရတာပါပဲ
မိုးရာသီကိုချစ်တယ်လို့ အမွှမ်းတင်နေတော့ တစ်ချို့က ငြိုငြင်မလားမသိဘူးနော်
နာဂစ်မုန်တိုင်းတုန်းက မိုးစက်တွေကရော ချစ်ဖို့ကောင်းတာပဲလားဆိုပြီးတော့လေ...။
တကယ်က ကျွန်တော့်မိုးစက်လေးတွေမှာအပြစ်မရှိပါဘူး ကမ္ဘာကြီးပူနွေးလာအောင်လုပ်တာ မိုးစက်လေးတွေမှမဟုတ်ပဲ
လောဘ ဒေါသ မောဟဖုံးနေတဲ့ မနုဿလူသားတွေကြောင့်လေ
လူသားတွေရဲ့မဆင်မခြင် အသိတရားခေါင်းပါးပြီး သစ်ပင်ခုတ်တာတွေ စက်ရုံတွေဆောက် ကာဘွန်ဒိုင်အောက်ဆိုက်တွေလွှတ်
လေထုညစ်ညမ်းအောင်လုပ်တာတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ရာသီဥတုတွေဖောက်ပြန်ကုန်ရတာလေ
ကျွန်တော်ပြောတာမယုံယင် အမေရိကန်ဒုတိယသမ္မတဟောင်းအယ်(လ်)ဂိုးကိုသွားမေးကြည့်ပါလား..။ :)
သူကပယ်ပယ်နှယ်နှယ် ကိုပြောပြပါလိမ့်မယ်ဗျာ...။
အဲဒါကြောင့်ကျွန်တော်ပြောတာပေါ့ မိုးစက်လေးတွေမှာအပြစ်မရှိပါဘူးလို့
အင်း..အခုလဲ မိုးစက်လေးတွေကျလာပြီနော် ပြီးခဲ့တဲ့ကျွန်တော့်မွေးနေ့တုန်းကလဲ
မိုးတွေတဖွဲဖွဲကျနေခဲ့တယ်လေ ကော်ဖီလေးတစ်ခွက်ဖျော် စာအုပ်လေးတစ်အုပ်ဖတ်ပြီး ကျွန်တော့်မွေးနေ့ဟာ
အရမ်းငြိမ်းချမ်းနေခဲ့ပါတယ်
ကျွန်တော့်မွေးနေ့မှာ ကျွန်တော်တစ်ယောက်တည်းပါ
အဖေ အမေ အစ်မ နဲ့ သူငယ်ချင်းတွေ ဘယ်သူမှကျွန်တော့်အနားမှာမရှိပါဘူး
ဒါပေမယ့် ကျွန်တော်မွေးနေ့ဟာ မိုးစက်လေးတွေကြောင့် အထီးကျန်မဆန်ခဲ့ပါဘူး
အခုလဲ အပြင်မှာမိုးတွေရွာနေတယ်လေ ကျွန်တော်ကတော့ထုံးစံအတိုင်းပေါ့ ကော်ဖီလေးသောက်ယင်း စာတွေထိုင်ရေးယင်းပေါ့...။
မိုးစက်လေးတွေရယ် သည်းသည်းမည်းမည်းရွာချပေးပါလားကွာ တစ်နေကုန်ရွာ တစ်ညလုံးရွာပေးပါကွာ နော်...။
မိုးစက်လေးတွေခေါင်မိုးပေါ်ကျတဲ့အသံကိုနားစွင့်ပြီး ငါလေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်လို့ပါ....။
No comments:
Post a Comment