
ဒီကနေ့ဟာ ကျွန်တော့်အတွက် ကံကောင်းသောနေ့တစ်နေ့ မဟုတ်တာတော့ သေချာပါတယ်
မနက်အိပ်ယာထနောက်ကျခဲ့လို့ ကျောင်းချိန်အမီပြေးနေရတယ်လေ၊ “အင်း..ကျောင်းနောက်ကျယင်တော့ဒုက္ခ...”။
မနေ့က အတန်းထဲမှာ ဆရာကြီးမစ္စတာဟမ်မယ်(လ်)က အဘိဓာန်တွေကျက်ခဲ့ တစ်ယောက်ချင်းမေးမယ်လို့ပြောခဲ့ပါတယ်၊ ကျွန်တော်ကလဲကျွန်တော်ပါပဲ စာကျက်ရမှာအသိသားနဲ့ အဆော့မက်ပြီး အဘိဓာန်တွေမကျက်ခဲ့မိဘူးလေ။ “စာမေးလို့မရယင်..”ဆိုပြီးစဉ်းစားမိတော့ မစ္စတာဟမ်မယ်(လ်)ရဲ့ လက်စွဲတော်သံပေတံကြီးကို မျက်စိထဲမြင်ယောင်ယင်း ကျောချမ်းမိပါသေးရဲ့။
အစက ကျောင်းပြေးယင်ကောင်းမလားလို့တောင်စဉ်းစားမိပါသေးတယ်၊
“ရာသီဥတုကလဲ သာယာလိုက်တာ..
ဟိုးက သစ်တောအုပ်ငယ်လေးအထက်မှာ ငှက်လေးတွေ ဟိုပျံသည်ပျံနဲ့ လှလိုက်တာ ..ဟောဟိုက စမ်းချောင်းကလေးထဲမှာ ငါးလေးတွေအပူအပင်မရှိ ကူးခတ်နေတာရော....အို...မဖြစ်သေးပါဘူးလေ...” အတွေးကိုခပ်မြန်မြန်ပဲဖြတ်လိုက်ရပါတယ်၊ “ကျောင်းပြေးလို့မစ္စတာဟမ်မယ်(လ်)သိသွားယင် မလွယ်ဘူး နောက်ပြီး အိမ်ကပါသိသွားယင်....ဟုတ်တယ် ကျောင်းသွားတာပဲကောင်းတယ်..” စိတ်ကိုဒုံးဒုံးချပြီးခြေလှမ်းတွေကိုကျောင်းလေးဘက်ကို ဦးလှည့်ခဲ့ပါတော့တယ်။
ရွာခမ်းမနားကဖြတ်တဲ့အချိန်တွင်တော့ ကြေညာသင်ပုန်းရှေ့မှာ လူတစ်စုကိုအုပ်အုပ်ကျက်ကျက်တွေ့လိုက်ရပါတယ်၊ “အင်း ဘာများဖြစ်လို့ပါလိမ့်..” ကျွန်တော်စိတ်တွေလေးသွားရပါတယ်၊ တကယ်ဆိုတော့လဲ ဒီနှစ်ပိုင်းအတွင်း ကျွန်တော်တို့မြို့လေးဆီကိုသတင်းဆိုးတွေသာ တစ်ခုပြီးတစ်ခု ရောက်လာသည်မဟုတ်ပါလော၊ ဘယ်နေရာမှာတော့ ဘယ်လိုစစ်ရှုံးလို့ ဘယ်နေရာမှာတော့ လူတွေဘယ်လိုဖိတ်စင်သွားလို့ စသည်ဖြင့် စိတ်မချမ်းမြေ့စရာတွေချည်းပါပဲ..“အခုရော ဘာများဖြစ်လို့လဲ ဘာဖြစ်ပြန်ပြီလဲ” ကျွန်တော့်ခေါင်းထဲကိုမေးခွန်းတွေတန်းစီပြီးဝင်လာပါတယ်။
ကျောင်းချိန်လဲနီးနေပြီဆိုတော့ ကျွန်တော်လဲ ကိုယ်လမ်းကိုသွက်သွက်ဆက်လျှောက်လာမိပါတယ်
“ဟိတ်ကောင်လေး...ဖြေးဖြေးသွားပါဟ ကျောင်းကထွက်မပြေးဘူး အချိန်တန်ယင်ရောက်မှာပေါ့...” ကျွန်တော်လဲ အသံကြားလို့လှည့်ကြည့်လိုက်တော့ ပန်ပဲဆရာကြီး ဝက်(ချ)တာကို မပြုံးမရယ်မျက်နှာနဲ့တွေ့လိုက်ရပါတယ်၊ ပထမမှာ ဝက်(ချ)တာကျွန်တော်အလျင်လိုလာတာတွေ့လို့လှမ်းနောက်လိုက်တာလို့ထင်မိပါတယ် ဒါပေမယ့် သူ့ရဲ့ မပြုံးမရယ် ခပ်တည်တည် အမူအရာ ကြောင့် ကျွန်တော်မှာသို့လော သို့လောနှင့် ဇဝေဇဝါဖြစ်သွားရပါတယ်၊“တစ်ခုခုတော့တစ်ခုခုပဲ”
ခါတိုင်း ရက်တွေဆိုလျှင်ကျောင်းတက်ခေါင်းလောင်းထိုးသံကို နားကွဲလုမတတ်ကြားရလေ့ရှိလေ့ရှိပါတယ် ကျောင်းဘေးဘုရားကျောင်းက နာရီကလည်း ကိုးနာရီ ထိုးပြီးလို့ ငါးမိနစ်တောင်စွန်းနေပါရောလား “ကျောင်းဝင်းတစ်ခုလုံးလဲတိတ်ဆိတ်နေပါတာပဲ ဘာတွေဖြစ်နေတာလဲ” ကျွန်တော်ခေါင်းရှုပ်သွားရတော့တယ်၊ဒါနဲ့ကျွန်တော်လဲစာသင်ခန်းဆီအပြေးကလေးသွားပြီးအထဲကိုချောင်းကြည့်လိုက်ပါတယ်
ကျွန်တော်ကလွဲပြီးလူအတော်စုံနေပါပြီ၊ မစ္စတာဟမ်မယ်(လ်) ကတော့ သူ့ရဲ့လက်စွဲတော်သံပေတံကြီးကိုင်ပြီး ဟိုမှသည်မှ လူးလားခေါက်တုံ့လျောက်နေပါတယ်၊ ကျွန်တော်လဲ အတန်းထဲဝင်ရမည်ကို မဝံ့မရဲဖြစ်နေမိပါတယ်၊
အဲဒီအချိန်မှာပဲမစ္စတာဟမ်မယ်(လ်) ကကျွန်တော်ကိုမြင်သွားပြီး ကြင်နာတဲ့ လေသံ ဖျော့ဖျော့လေးနဲ့ “ကောင်လေး ဖရန့်(စ်)....လာ..လာ....မင်းနေရာမင်းမြန်မြန်သွားထိုင်ကွယ်...ငါတို့မင်းမပါပဲသင်ခန်းစာ စတော့မလို့...တော်သေးရဲ့...”
ကျွန်တော်လဲ အတန်းနောက်ဆုံးက ခုံတန်းတွေကိုဖြတ်ပြီး ကျွန်တော့်နေရာလေးမှာ ဝင်ထိုင်လိုက်ပါတယ် မစ္စတာဟမ်မယ်(လ်)ရဲ့ ဝတ်စားဆင်ယင်ပုံကို အခုမှပဲ သတိထားကြည့်မိပါတော့တယ်
အစိမ်းရောင်ကုတ်အင်္ကျီနဲ့ သက္ကလပ်ရှပ်ကို သေသေသပ်သပ်ဝတ်ထားပြီး ပိုးသားဦးထုပ်အနက်လေးကို ကျကျနနဆောင်းထားပါတယ်၊ မစ္စတာဟမ်မယ်(လ်)ဟာ ဒီပုံစံမျိုးကို ဆုနှင်းသဘင်ကဲ့သို့သော နေ့ကြီးရက်ကြီးမျိုးမှာသာ ဝတ်လေ့ရှိသည်မဟုတ်ပါလော..
နောက်ထပ်ထူးဆန်းနေတာကတော့ စာသင်ခန်းနောက်ဆုံးက အမြဲလွတ်နေလေ့ရှိတဲ့ ခုံတန်းလေးတွေမှာ ရွာထဲမှ အဘိုးဟော့ဆာ အငြိမ်းစားစာတိုက်မှုးကြီးဂျွန် အစရှိတဲ့ပုဂ္ဂိုလ်များနေရာယူထားကြခြင်းပင်..။“စာသင်ခန်းတစ်ခုလုံးလဲ အထူးအဆန်းတွေချည်းပါလားဟ..” တစ်ကိုယ်တည်းရေရွတ်လိုက်မိပါတယ်။
ကျွန်တော် ဟိုဟိုသည်သည်တွေးနေတုန်းမှာပဲ မစ္စတာဟမ်မယ်(လ်)ဟာ အတန်းရှေရှိသူရဲ့ ကုလားထိုင်ပေါ်တွင်ဝင်ထိုင်လိုက်ယင်း ညင်သာတဲ့လေသံနဲ့ တစ်လုံးချင်းစပြောပါတယ် “ကလေးတို့...ဒီနေ့ ဟာ မင်းတို့အတွက်ဆရာ့ရဲ့ နောက်ဆုံးသင်ခန်းစာပါပဲ၊ ဒီနေ့ပဲ ဘာလင်မြို့တော်က အမိန့်လာတယ်ကွယ် ဘာလဲဆိုတော့ ကျောင်းတွေမှာ ဂျာမန်ဘာသာတစ်ခုတည်း သင်ရမယ်ဆိုတာပါပဲ မနက်ဖြန် ဒီကျောင်းကို ကျောင်းအုပ်ကြီးအသစ်လာပါလိမ့်မယ်၊ ဒီနေ့ ဟာ နောက်..နောက်ဆုံး....မင်းတို့အတွက်နောက်ဆုံးပြင်သစ်သင်ခန်းစာပါပဲ သေသေ ချာချာမှတ်သားကြ..ပါ..ကွယ်” ပြောယင်း အသံတဖြည်းဖြည်းတိုးဝင်သွားတော့တယ်။
မစ္စတာဟမ်မယ်(လ်)ရဲ့စကားသံဟာ တိုးတိုးလေးဆိုပေမယ့် ကျွန်တော့်နားထဲမှာတော့ မိုးကြိုးပစ်ချလိုက်သလိုပါပဲ ကမ္ဘာကြီးတခုလုံးချာချာလည်သွားသလားပင်အောက်မေ့လိုက်မိပါတယ်။
“ဘယ်လိုဖြစ်တာလဲ....ဘာတွေဖြစ်ကုန်တာလဲ..” တကိုယ်တည်းရေရွတ်ယင်း ကျွန်တော့်မှာမယုံနိုင်အောင်ဖြစ်နေရပါတယ်၊
“နောက်ဆုံးပြင်သစ်သင်ခန်းစာ....ဘာလို့လဲ...ကျွန်တော်အခုထိ ပြင်သစ်စာကို သေချာတောင် မရေးတတ်သေးပါဘူး ...အခုပြင်သစ်စာဆက်မသင်ရတော့ဘူးတဲ့လား...”အရင်ကစာသေချာမကြိုးစားခဲ့တာကို သတိရပြီး ယူကျုံးမရဖြစ်နေရပါတယ်၊ သြော်...ကံကြမ္မာရယ်...မင်းငါ့ကိုကျီစားရက်တယ်နော်...။
ကျွန်တော်ပြင်သစ်စာတွေကိုချစ်သည်၊ ကျောင်းစာအုပ်တွေက အင်မတန်လေးလံလှသော်လဲ ကျွန်တော့်အတွက် ကျင့်သားရနေပါပြီ၊ မစ္စတာဟမ်မယ်(လ်) ပြောပြနေကျ သူတော်စင်တွေရဲ့ပုံပြင်တွေ ပြင်သစ် အဘိဓာန်တွေဟာ အခုဆိုယင် ကျွန်တော့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေလိုဖြစ်နေပါပြီ၊ ဒီအချိန်မှာ ဆက်မသင်ရတော့ဘူးတဲ့လား....စဉ်းစားယင်းမျက်ရည်ဝဲလာမိပါတယ်၊ နောက်ပြီးမစ္စတာဟမ်မယ်(လ်) “ဟင်...ဒါ..ဒါဆို သူလဲသွားတော့မှာပေါ့..နောက်ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးပေါ့” ကျွန်တော်အရမ်းပဲ စိတ်ထိခိုက်သွားရပါတယ်..။
အခုမှပဲ စာသင်ခန်းတစ်ခုလုံးဘာကြောင့်ထူးဆန်းနေတာလဲဆိုတာ ကျွန်တော်ကောင်းကောင်းကြီး သဘောပေါက်သွားတော့တယ်၊ ရွာထဲကလူကြီးတွေလဲ ကျွန်တော့်လိုပဲ စိတ်မကောင်းဖြစ်နေကြမှာပေါ့၊ ရွာရှိ လူကြီးရောကလေးပါ မစ္စတာဟမ်မယ်(လ်)ကိုလေးစားသည် ချစ်သည် အားကိုးသည် ယုံကြည်သည်၊ တကယ်တော့ မစ္စတာဟမ်မယ်(လ်)ဟာ ဒီရွာသားလိုဖြစ်နေသည်မဟုတ်ပါလော၊ လွန်ခဲ့သောအနှစ်လေးဆယ် ကတည်းက ဒီရွာကလေးကို ပြင်သစ် ဘာသာသင်ဆရာပေါက်စလေး သူရောက်လာခဲ့သည် ဂျာမနီတွေကြားထဲမှာပြင်သစ်လူမျိုး မစ္စတာဟမ်မယ်(လ်) နေသားကျဖို့ သိပ်မကြိုးစားလိုက်ရပါ သူရဲ့ တည်ကြည်ဖြောင့်မတ်မှု ရိုးသားပြီးကူညီတတ်မှု စေတနာပါပါသင်ကြားပေးမှုတွေကြောင့်ပဲ တစ်ရွာလုံးရဲ့ယုံကြည်ကိုးစားမှုကို အချိန်တိုတွင်းရရှိခဲ့သည်လေ။
ထိုအချိန်မှ ယနေ့တိုင် ဒီကျောင်းလေးမှာသူမြဲနေခဲ့သည်..မစ္စတာဟမ်မယ်(လ်)ကိုယ်တိုင်သည်လည်း သည်အလုပ်ကို အလွန်ဂုဏ်ယူသည်.. သည်ကျောင်းသည်သူ့ဘဝ..သူအလွန်မြတ်နိုးသည့်ပြင်သစ်ဘာသာကို သင်ကြားခွင့်ရခြင်းကိုပင် ဘုရားပေးသောဆုလဒ်တစ်ခုအဖြစ် မှတ်ယူထားခဲ့သည် အခုတော့...။
“ကောင်လေးဖရန့်(စ်).....” မစ္စတာဟမ်မယ်(လ်)ရဲ့ခေါ်သံနှင့်အတူ ကျွန်တော့်အတွေးတို့ပြတ်တောက်သွားရတယ်၊ “ကောင်လေး မင်းကိုငါမဆူပါဘူးကွဲ့ မင်းသိရဲ့လား... ငါတိုကတွေဟာ အမြဲတမ်းလိုလိုပျင်းနေတတ်ကြတယ် အလုပ်တစ်ခုလုပ်စရာရှိတယ်ဆို အချိန်တွေအများကြီးရှိသေးတာပဲ နောက်မှလုပ်မယ်ဆိုပြီး နေ့ရွှေ့ ညရွှေ့ လုပ်တတ်ကြတယ် ကဲ....မင်းအခုကြည့်စမ်း ဘယ်လိုတွေဖြစ်လာသလဲဆိုတာ.. လူတွေကမင်းကိုဝိုင်းပြောကြလိမ့်မယ်
ကိုယ့်ဘာသာစကားတောင် ဖြောင့်အောင်မပြောနိုင်ဘဲနဲ့များ ပြင်သစ် ယောင်ယောင် ဘာယောင်ယောင်နဲ့ဆိုပြီးတော့...။ ဒါပေမယ့် ကောင်လေးမင်းအခြေအနေက အဆိုးဆုံးတော့မဟုတ်သေးပါဘူးကွယ်.. ငါတိုတွေဟာ မျှော်လင့်မထားတဲ့ အခြေအနေ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတာပဲလေ..။
မင်းမိဘတွေက မင်းပညာရေးကို လှိုက်လှိုက်လှဲလှဲအားပေးပုံမရဘူး သူတို့က မင်းကို ပညာသင်မယ့်အစား ပိုက်ဆံရတဲ့ လယ်တို့ ဆည်တို့ တစ်ခုခုမှာ အလုပ်သွင်းချင်နေကြတာ.....။”
“ဟင်း........” သက်ပြင်းရှည်ကြီးတစ်ခုကိုလေးလေးပင်ပင်ချလိုက်ပြီးဆက်ပြောပါတယ် “နောက်ပြီး...ငါရော....ငါ့ကိုယ်ငါရော အပြစ်တင်သင့်သလားကွယ်...။ ငါမင်းကိုစာသင်ပေးရမယ့် အချိန်မှာမသင်ပေးပဲ ပန်းပင်တွေရေလောင်းပေးခိုင်းခဲ့ဖူးသလားကွယ်.. နောက်ပြီး ငါငါးမျှားထွက်ချင်တာနဲ့များ မင်းတို့လေးတွေကို စာမသင်ပေးပဲ ကျောင်းပိတ်ပစ်ခဲ့တာမျိုးရောရှိခဲ့ဘူးသလားကွယ်.......”
ဆောက်တည်ရာမရဖြစ်နေပုံရတဲ့ မစ္စတာဟမ်မယ်(လ်)ဟာ တစ်ခုပြီး တစ်ခုတရပ်စပ်ပြောယင်းပြင်သစ် စာပေအကြောင်းရောက်သွားပါတယ်..၊“ဒီကမ္ဘာပေါ်မှာရှိသမျှ ဘာသာစကားတွေထဲမှာပြင်သစ်ဘာသာဟာ အကျစ်လျစ်ဆုံး အလှပဆုံး သဘာဝအကျဆုံးပဲကွဲ့... ဒီတော့ဒီဘာသာစကားကို ငါတို့မေ့မပစ်ရဘူး ငါတို့ကြားမှာအမြဲရှင်သန်နေစေရမယ်....”။
အဲဒီနောက်မှာတော့ မစ္စတာဟမ်မယ်(လ်)ဟာ စာအုပ်တစ်အုပ်ကိုဖွင့်ပြီး သင်ခန်းစာတစ်ခုကို ဖတ်ပြပါတယ် ထူးဆန်းနေတာကတော့ ကျွန်တော် အဲဒီသင်ခန်းစာကို အရမ်းနားလည်နေတာပါပဲ အားလုံးဟာလွယ်ကူနေပါတယ် အခုမှသတိထားမိပါတော့တယ် ကျွန်တော်ဘယ်တုန်းကမှ အခုလောက် အာရုံးစူးစိုက်ပြီး နားမထောင်ခဲ့ဖူးဘူးဆိုတာပါပဲ..၊ မစ္စတာဟမ်မယ်(လ်)ဟာ သင်ခန်းစာကို ကျွန်တော်တို့ နားလည်တဲ့အထိ စိတ်ရှည်လက်ရှည်ရှင်းပြနေပါတယ် ကျွန်တော့်စိတ်ထင် မစ္စတာဟမ်မယ်(လ်)ဟာ သူမသွားခင် သူသိသမျှ တတ်သမျှတွေကို ကျွန်တော်တို့ ခေါင်းထဲ အကုန်ထည့်ပေးခဲ့ချင်ပုံပါပဲ။
အဘိဓာန်ပြီးတဲ့နောက်မှာတော့ အရေးအသားသင်ပေးပါတယ် မစ္စတာဟမ်မယ်(လ်)က ကျွန်တော်တို့အတွက်စာရွက်အသစ်တစ်ရွက်စီပေးပြီး “France, Alsace,France, Alsace”ဆိုပြီး လက်ရေးလှရေးခိုင်းပါတယ် ကျွန်တော်ရေးထားတဲ့ စာလုံးလေးတွေဟာ ညီညီညာညာ အချိုးအစားကျနေပြီး သူတို့ကိုကြည့်ရတာ လေထဲမှာတလွင့်လွင့်ထူထားတဲ့ အလံလေးတွေလိုပါပဲ..။ စာရေးနေယင်း မစ္စတာဟမ်မယ်(လ်)ကိုကြည့်လိုက်တော့ ဆရာကြီးဟာ သူ့ရဲ့ထိုင်ခုံမှာ မလှုပ်မရှက်ထိုင်နေယင်း ရီဝေတဲ့မျက်လုံးတွေနဲ့ အဝေးကိုငေးကြည့်နေပါတယ်..။ ဒီကျောင်းကနေခွဲခွာရန် အင်မတန်ဝန်လေးနေပုံရပါတယ် အနှစ်လေးဆယ်...အနှစ်လေးဆယ်ဆိုတဲ့အချိန်အတွင်း ဒီကျောင်းလေးမှာ သူ့ဘဝကိုမြှုပ်နှံထားခဲ့တယ် သူတတ်စွမ်းသမျှပေးဆပ်ခဲ့တယ် အခုတော့ မနက်ဖြန် ဒီကျောင်းလေးကသာမက ဒီနိုင်ငံ မြေပေါ်ကပါ ထွက်ခွာကြရတော့မယ်တဲ့..။
ဆရာကြီးဟာ သူစိတ်ကိုသူချုပ်တည်းပြီး သင်ခန်းစာဆုံးအောင်းကြိုးစားသင်ပြပေးနေပါတယ် ဒါပေမယ့် သူ့ကိုကြည့်ရတာ စိတ်နဲ့ကိုယ်မကပ်သလိုပါပဲ..။ လက်ရေးလှပြီးတဲ့နောက် သမိုင်းဘာသာရပ်ထဲက သင်ခန်းစာအချို့ကို သင်ပေးပါတယ် ဒီအချိန်မှာတော့ စာသင်ခန်းနောက်နားဆီက ငိုသံသဲ့သဲ့ထွက်လာပါတယ် အဘိုးအို ဟော့ဆား တုန်တုန်ရီရီနဲ့ ငိုနေပြီလေ။
ဒီအချိန်မှာပဲ ဘုရားကျောင်းက နာရီ ၁၂ချက်ထိုးသံနှင့်အတူ ဝတ်ပြုဆုတောင်းသံများပြတင်းပေါက်ကိုဖြတ်ပြီးဝင်လာပါတော့တယ်၊
မစ္စတာဟမ်မယ်(လ်)ဟာ အရမ်းဖျော့တော့နေတဲ့ သွင်ပြင်နဲ့ သူ့ခုံကနေ ဖြေးဖြေချင်းထလိုက်ပါတယ် “မိတ်ဆွေတို့.......ကျွန်တော်....ကျွန်တော်....”အသံဟာ လည်ချောင်းဝမှာတစ်ဆို့နေပြီး ရှေမဆက်နိုင်ပဲဖြစ်နေပါတယ်....
မစ္စတာဟမ်မယ်(လ်)ဟာ ကျောက်သင်ပုန်းဘက်ကိုလှည့်လိုက်ယင်း မြေဖြူခဲတစ်ခဲကို ကောက်ယူလိုက်ပါတယ်
တုန်ရီနေတဲ့လက်ချောင်းတွေနဲ့ “Vive La France” ဆိုပြီးရေးလိုက်ပါတယ်၊ နောက်တော့ လက်တစ်ဘက်နဲ့ နံရံကိုထောက်လိုက်ပြီး ကျန်တဲ့လက်တစ်ဘက်ကို ကျွန်တော်တို့ဘက်ကိုမကြည့်ပဲ ဝှေယမ်းပြလိုက်ယင်း
တစ်လုံးချင်းပြောလိုက်ပါတယ်
“ကျောင်းဆင်းပါပြီကွယ်.....ကလေးတို့သွားနိုင်ပါပြီ.....”။ ။
No comments:
Post a Comment