
တစ်နေ့သောအခါဝယ် ကျွန်ုပ် စုံထောက်ကျော်မောင်မောင်စနေသည် (စနေမောင်မောင်မဟုတ်ပါ) အမှုတစ်ခု၏အသွားအလာကို
သည်းကြီးမည်းကြီးစဉ်းစားခန်းဝင်နေလေသည်
“ဒီဘက်ကလာပြီး ဟိုဘက်ကိုသွားတာလား ဟိုဘက်ကလာပြီး ဒီဘက်ကိုသွားတာလား အရှေ့ကလား အနောက်ကလား တောင်လား မြောက်လား ဆင်လား ကြံ့လား ခွေး နွား အာ...ရှုပ်ကုန်ပါပြီ သြော် အတော်ရှုပ်တဲ့အမှုပါလားကွယ်ရို့”
ဒီအုန်းတစ်ပင်ရွာမှာက အမှုအခင်းကိစ္စတွေဆို ကျွန်ုပ်ကိုပဲအားကိုးကြတယ်လေ
မြို့တက်ရဲတိုင် ဂတ်တိုင်ဆို အင်း ဆင်ဖိုးထက်ချွန်းဖိုးကြီး အဲလေ မြို့နဲ့ဒီရွာနဲ့က အတော်လှမ်းတော့ ညအိပ်ညနေသွားမှ အဆင်ပြေတာလေ ဟိုမှာတည်းဖို့ခိုဖို့ စားဖို့သောက်ဖို့နဲ့ဆို အတော်ရေခမ်းတာကလား ဒီတော့ တစ်ခုခုအခင်းကြီးငယ်ရှိယင် ရွားသားတွေက သူကြီးကိုတိုင် သူကြီးကကျွန်ုပ်ကိုအားကိုတကြီးအကူအညီတောင်း ကျွန်ုပ်ကလည်း သမာသမတ်ရှိ ရိုးသားဖြောင့်မှန် ဥပတိရုပ်ကကောင်း ပညာကတော် ဘွဲ့ကလည်းနှစ်ဘွဲ့(ကိုရင်ဝတ်တုန်းကနဲ့ ဦးပဇ္ဇင်းဝတ်တုန်းကရထားတာ ဦးနန္ဒိယကတစ်ဘွဲ့ ဦးနန္နောဘာသကတစ်ဘွဲ့) အမှုလိုက်တဲ့နေရာမှာလဲတော် အနံ့ခံတဲ့နေရာမှာလဲ ချေးခြောက်ရှာတဲ့ခွေးအလား အဲလေ အဲ အဲသည်လိုတော်တော့ အားကိုးကြတာမဆန်းပါဘူးလေ ဟဲ ဟဲ ဟဲ
လိုက်ခဲ့တဲ့အမှုတွေမပေါ်ဘူးဆိုတာမရှိဘူး သူကြီးကတော်လုံချည်နှစ်ကွင်းပျောက်တဲ့အမှု ရွာထဲကမောင်ခွေးရဲ့ အရက်ထဲရေနှစ်စက်ရောမှု ကွမ်းတောင်ကိုင်ငွေခင်ရဲ့ကွမ်းအစ်ပျောက်မှု ဦးသာအေးရဲ့နွားထီးနှင့်နွားမမှား၍နို့ညှစ်မှု အို စုံနေတာပါပဲ
ဒီလိုအမှုကြီးတွေကို စုံစမ်းဖော်ထုတ်ပေးခဲ့တဲ့ စုံထောက်ကျော်ကြီးကျွန်ုပ်ကတောင် ရှုပ်ပါတယ် ရှုပ်ပါတယ်အော်နေရတာ ဘာကြောင့်လဲ စာဖတ်သူတို့သိချင်ကြထင်ရဲ့
ဒီလိုဗျ ကျွန်ုပ်တို့ရွာမှာ တခြားရွာတွေမှာလိုပဲ ရွာဦးကျောင်းရှိတယ် အဲဒီရွာဦးကျောင်းက ဆရာတော်ပျံလွန်တော်မူပြီးတဲ့နောက် ဆရာတော်ရဲ့နေရာကိုဆက်ခံဖို့ ကိုယ်တော်ရွေးချယ်ဖို့ဖြစ်လာရော
အဲသည်မှာ ပြသနာကစသဗျ ဘာလို့လဲဆို ရွာဦးကျောင်းမှာက ဦပဇ္ဇင်းကနှစ်ပါးနဲ့ ကိုရင်ငါးပါးရှိတယ်
ဒီတော့ ကျောင်းထိုင်နေရာကို အဲသည့်ဦးပဇ္ဇင်းနှစ်ပါးထဲကရွေးရမယ်ပေါ့ဗျာ
ခက်တာက ကိုယ်တော်တွေက တစ်ပါးနဲ့တစ်ပါး သူဖြစ်သင့်တယ် ငါဖြစ်သင့်တယ်ဆိုပြီးဖြစ်လာပါရော
ဒီတော့ ရွာသားတွေခမျာမှာ ဘယ်ကိုယ်တော်ကိုရွေးရမလဲမသိပေါ့ တစ်ပါးကိုရွေးပြန်တော့လဲ ကျန်တစ်ပါးကမကျေနပ်ဖြစ်မှာ အဲဒါကိုလည်းစိုးရိမ်ကြပါတယ် မျက်နှာပျက်မှာစိုးသကိုး ဒီမှာ ရွာသားတွေက သူကြီးကိုဝိုင်းတောင်းဆိုကြတာပေါ့
ဘယ်ကိုယ်တော်ကို ကျောင်းထိုင်ခန့်မယ်ဆိုတာ ဆုံးဖြတ်ပေးပါပေါ့
ဒီအခါမှာ သူကြီးခမျာ ဗျာများရရှာတာပေါ့ သူကိုယ်တိုင်ကလည်း တောသားဗဟုသုတနည်း နုံရှာ အရှာတာဆိုတော့ နောက်ဆုံမှာတော့ သတိ သမာဓိ ပညာပြည့်စုံပြီး ဗဟုသုတလဲကြွယ်ဝတဲ့ ကျွန်ုပ်ထံ အားကိုးတကြီးနဲ့ အကူအညီးတောင်တော့တာပေါ့ ကျွန်ုပ်ကလဲ ပရိတ်သတ်က အလိုရှိပြီဆိုတော့ ရှေ့ထွက်ကပြအသုံးတော်ခံ အဲဒီမှာ ရွာသားတွေကအသပြာတွေဆုချ အဲလေ ဇာတ်ပွဲနဲ့ရောကုန်ပြီ အဲလို ရွာသားတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဒီကိစ္စကိုတာဝန်ယူလိုက်တယ်ပေါ့ဗျာ
ကျွန်ုပ်ကလည်း ခေတ်ပညာတတ်စုံထောက်ကျော်ကြီးဖြစ်တဲ့အားလျော်စွာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနေတာဆိုတော့ ဟဲ ဟဲ ရွာသားများလျှို့ဝှက်မဲပေးစနစ်နဲ့ရွေးချယ်မယ်ဆိုပြီး ကြေငြာလိုက်တာပေါ့
ဦပဇ္ဇင်းနှစ်ပါးကို စင်ပေါ်တင် တစ်လှည့်စီ မဲဆွယ် အဲလေ တရားဟောစေပြီးမှ ရွာသားတွေကိုမဲပေးစေမယ်ပေါ့
ဒီလိုနဲ့ ဦးပဇ္ဖင်းများ တရားဟောကြရောဆိုပါစို့
ပထမဦးပဇ္ဇင်းစပြီးဟောတဲ့တရားက အီစွတ်ရဲ့တစ်ထောင့်တစ်ညပုံပြင်များထဲမှ ကုလားအုတ်နဲ့တဲပိုင်ရှင်ဆိုတဲ့ ပုံပြင်လေးနဲ့ဟောတာပေါ့ တခြားကိုယ်တော်တွေလို ငါးရာငါးဆယ်ဇာတ်ထုပ်တွေ မဟောပဲ ဘာလို့အီစွတ်ရဲ့ပုံပြင်နဲ့ဟောရသလဲဆိုတော့ တကာတစ်ယောက်က အရှင်ဘုရား လှေကြီးထိုးရိုးရိုးပဲဟောယင် ရွာသားတွေစိတ်ဝင်စားမှာမဟုတ်ဘူး ဒီတော့အခုခေတ်စားနေတဲ့ ပုံပြင်လေးတွေနဲ့ ဟောပါဘုရားလို့လျှောက်ထားလို့ပါ
ဒီပုံပြင်လေးကတော့ စာဖတ်သူတို့သိပြီးတဲ့အတိုင်းပါပဲ တစ်ခါကအာရပ်ပြည်က သဲကန္တာရအတွင်းမှာ လူတစ်ယောက်ဟာ တဲအိမ်လေးနဲ့နေသတဲ့ တစ်ညမှာသူ့တဲကို ကုလားအုတ်တစ်ကောင်ရောက်လာပြီး အပြင်မှာသဲမုန်တိုင်းတွေတိုက်နေလို့ သူခေါင်းလေးဝင်ထားပါရစေလို့ပြော တဲပိုင်ရှင်ကလဲ သနားစိတ်နဲ့ ခွင့်ပြု ဒီလိုနဲ့ တစ်စတစ်စကမ်းတက်ပြီး ခေါင်းကနေမှ လည်ပင်း လည်ပင်းကနေမှ ကိုယ်အရှေ့ပိုင်း နောက်ဆုံမှာ ကုလားအုတ်တစ်ကိုယ်လုံးတဲထဲရောက်သွားပြီး တဲပိုင်ရှင်ခမျာ တဲပြင်ကိုရောက်သွားသတဲ့ ဒီလိုဟောတော့ ဒုတိယကိုယ်တော်ကမကျေနပ်ဘူး သူကပထမကိုယ်တော်ထက်တစ်လနောက်ကျပြီးမှ ဒီကျောင်းကိုရောက်တာဆိုတော့ သူ့စောင်းဟောတယ်ပေါ့ မကျေနပ်ဘူး ဒါနဲ့ တေးထာလိုက်တာပေါ့
နောက်တော့ သူတရားဟောမယ့်အလှည့်ရောက်လာရော ဒီအခါကိုယ်တော်ကဘာဟောလဲဆိုတော့ ဒေါင်းယောင်ဆောင်သောကျီးဆိုတဲ့ ခေါင်းစဉ်လေးနဲ့ဟောတာပေါ့ ဒေါင်းယောင်ဆောင်လို့ပျက်စီးရရှာတဲ့ ကျီးကန်းအကြောင်းပေါ့ ဒီပုံပြင်လေးဟောပြီးတော့ ကိုယ်တော်က ဒီလိုကျီးမိုက်မျိုးတွေလူ့လောကမှာလဲရှိကြောင်း တစ်ချို့ဆို ကိုယ်တိုင်ကပညာအခြေခံတောင်မရှိပါပဲ ပညာရှိယောင်ဆောင်တာ ဟောတာပြောတာတွေရှိကြောင်း
ဒါတွေဟာ လူ့ဘောင်လောကအတွက် အဆိပ်အတောက်ဖြစ်ကြောင်းဟောသတဲ့
ဒီမှာတင်ပထမကိုယ်တော်ကတင်းတော့တာပါပဲ မတင်းနေနိုင်လားဗျာ သူကဒုတိယဦးပဇ္ဇင်းလို ငယ်ဖြူမဟုတ်ဘူးလေ ကြီးမှဝတ်တဲ့ တော့ထွက်ကိုယ်တော်ဆိုတော့ သင်္ဂြိုလ် သဒ္ဒါကစလို့ မကျေညက်ဘူးပေါ့ ဒီတော့ သူ့စောင်းဟောပါတယ်ဆိုပြီး ကိုယ်တော်နှစ်ပါးထသတ်ကြပါရောဗျို့ တစ်ပါးကထိပ်ပေါက် တစ်ပါးကလက်ကျိုးပေါ့ မျက်နှာမှာလဲ အညိုအမည်းတွေနဲ့ပေါ့
ဒါနဲ့ကိုယ်တော်နှစ်ပါးကို မဲပေးမယ့်အစီအစဉ်လဲပျက်သွားပါတယ်
ဒီနောက်တော့ ကိုယ်တော်နှစ်ပါးက ကျွန်ုပ်ထံလာပြီး တစ်ပါးနဲ့တစ်ပါးအပြစ်တင်ကြ ငြင်းခုံကြနဲ့ ဘယ်ကိုယ်တော်ကို ကျောင်းထိုင်အဖြစ်ရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်ပေးပါပေါ့ အဲဒီလိုဆိုကြပါတယ်
ဒီလောက်ဆိုကျွန်ုပ်ဘာလို့ ဒီအမှုကို ခေါင်းခြောက်နေရသလဲ သိကြရောပေါ့
“ဟုတ်ပြီ ဟုတ်ပြီ အကြံရပြီ”
ဟုတ်ကဲ့ ကျွန်ုပ် အင်မတန်ကောင်းတဲ့ အကြံတစ်ခုကိုရလိုက်ပါပြီ
ဒီလိုနဲ့ နောက်တစ်ပတ်ကြာတဲ့အခါမှာတော့ ရွာဦးကျောင်းမှာ ကျောင်းထိုင်အသစ်တစ်ပါးရွေးချယ်ခန့်အပ်လိုက်ပြီး ကိုယ်တော်နှစ်ပါးလဲ သင့်မြတ်သွားကြသတဲ့
ဘယ်ကိုယ်တော်ကို ကျောင်းထိုင်ရွေးလိုက်လဲ စာဖတ်သူတို့သိချင်ကြထင်ရဲ့
ဟဲ ဟဲ ဒါကတော့ဒီလိုဗျ ဟိုဟာကတော့ဟိုလို ဟဲ ဟဲ အလကားနောက်တာပါ
ဒီလိုဗျ ပထမကိုယ်တော်လဲမဟုတ်ဘူး ဒုတိယကိုယ်တော်လဲမဟုတ်ဘူးဗျ တခြားရွာက ဆရာတော်တစ်ပါးကိုပင့်ပြီး ယာယီကျောင်းထိုင်ခန့် အမြဲတမ်းကျောင်းထိုင်နေရာကိုတော့ ရွာခံကိုယ်တော်နှစ်ပါးထဲကရွေးမယ်
အဲ ကိုယ်တော်နှစ်ပါးထဲက ပိုပြီးသဘောထားပြည့်ဝ ခွင့်လွှတ်အနစ်နာခံတဲ့ ကိုယ်တော်ကိုနောက်ခြောက်လအကြာမှာ ကျောင်းထိုင်အဖြစ်ခန့်အပ်မယ်လို့ဆုံးဖြတ်ပေးလိုက်တာပါပဲ
ဘယ့်နှယ့်လဲ မပိုင်ဘူးလား ငှဲ ငှဲ ငှဲ
အခုတော့ ကိုယ်တော်နှစ်ပါးလဲပြေလည်သွားပြီ(မချစ်သော်လဲအောင့်ကာနမ်းပေါ့)
ကျွန်ုပ်လဲ တာဝန်ပြီးဆုံးသွားပြီမို့ အာဂျင်တီးနားနဲ့တောင်ကိုရီးယားတို့ရဲ့ ကမ္ဘာ့ဖလားပွဲလေးကြည့်လိုက်ပါဦးမယ်
ဒန်တန့်တန် ပလို့ဂျိ.....။ :D
No comments:
Post a Comment