Sunday, February 28, 2010

၁၀၉ ၁၁၀


တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်

လုပ်စရာမရှိ

တစ်ယောက်တည်းယောင်လည်လည်

ဘကုန်း နဲ့ ဝလုံး

ဘဝတစ်ခုလုံး အဆုံးအစမသိ

လျှောက်နေဆဲ ခြေလှမ်းများ

တစ်ခါတစ်လေ ပမ်းနွမ်းလျ

တစ်ခါတစ်လေမြေပြင်ပေါ်ဒူးထောက်ကျ

ခေါင်းထဲအတွေးများနဲ့ရူးလို့ပါ

မောလာတဲ့ ကိုယ်နဲ့စိတ်

တစ်နေ့နေ့တော့ ငါ အိပ်ရမှာပါ ....။

Monday, February 15, 2010

ဘာ့ကြောင့် စစ် ?




စစ်

လောဘကြောင့်ဖြစ်သော စစ်

ဒေါသကြောင့်ဖြစ်သော စစ်

မောဟကြောင့်ဖြစ်သော စစ်

ဖိနှိပ်မှုကြောင့်ဖြစ်သော စစ်

ယုံကြည်ချက်ကြောင့်ဖြစ်သော စစ်

တရားသောစစ် မတရားသောစစ်

သွေးမြေကျသော စစ် ။


စစ်

စစ်ကြောင့် ကျခဲ့ရ သွေးစက်တွေကလဲ အစစ်

စစ်ကြောင့် ကျခဲ့ရ မျက်ရည်တွေကလဲ အစစ်

စစ်ကြောင့် ကြွေလွင့်ခဲ့ရ ဘဝတွေကလဲ အစစ်

စစ်ကြောင့် ပေးဆပ်ခဲ့ရ နှလုံးသားတွေကလဲ အစစ်

စစ်ကြောင့် ပျက်သုန်းခဲ့ရ အိပ်မက်တွေကလဲအစစ်

ဘာကြောင့်ဖြစ်ဖြစ် ဖြစ်သမျှစစ်ပွဲတွေရပ်ပစ်

တစ်ယောက်နဲ့တစ်ယောက် လက်ချင်းဆက်

နှလုံးသားတွေ အပြန်အလှန်အပ်နှံ

အနာဂတ် စစ်ပွဲကင်းရှင်းသောမနက်ဖြန်

အဲဒီမနက်ဖြန်မှာ

ငါတို့ငိုကြွေးမနေဘူး

ငါတို့ကြေကွဲမနေဘူး

ငါတို့ငြင်းခုန်မနေဘူး

ငါတို့တွေဝေမနေဘူး

ငါတို့ပျော်ပါးမနေဘူး

ငါတို့မေ့လျော့မနေဘူး

မနက်ဖြန် မနက်ဖြန် မနက်ဖြန်

နောက်ထပ်မနက်ဖြန်တွေမှာ စစ်ပွဲတွေကင်းရှင်းဖို့

ငါတို့လက်တွေတွဲ ထာဝရမြဲစေ ...။

Saturday, February 13, 2010

အချစ်ကြောင့်ဖျားနာခြင်းမှကင်းဝေးကြပါစေ




တစ်ချို့ကပြောတော့ အချစ်ကဆေးတစ်ခွက်လိုခါးသတဲ့

တစ်ချို့ကပြောတော့ အချစ်ကပျားရည်လိုချိုမြိန်သတဲ့

တစ်ချို့ကပြောတော့ အချစ်ကြောင့်တစ်ဆစ်ဆစ်နဲ့နာကျင်ရသတဲ့

တစ်ချို့ကပြောတော့ အချစ်ကြောင့်အရမ်းကိုပျော်ရွှင်ရသတဲ့

တစ်ချို့ကပြောတော့ အချစ်ဆိုတာပေးဆပ်မှုပါတဲ့

တစ်ချို့ကပြောတော့ အချစ်ဆိုတာရယူခြင်းတဲ့

တစ်ချို့ကပြောတော့ အချစ်ဆိုတာအပြန်အလှန်နားလည်မှုပါပဲတဲ့

တစ်ချို့ကပြောတော့ ချစ်တယ်ဆိုတာကိုယ့်ကိုယ်ကိုသတ်သေခြင်းတစ်မျိုးတဲ့

တစ်ချို့ကပြောတော့အချစ်ဆိုတာသဘာဝကပေးတဲ့အကောင်းဆုံးလက်ဆောင်ပါတဲ့

မိတ်ဆွေရောဘယ်လိုထင်ပါသလဲ ?????

ကျွန်တော်ကတော့ အချစ်ကိုအချစ်လို့ပဲမြင်တယ်

အဓိပ္ပာယ်ဖွင့်ဆိုစရာမလိုဘူး ကိုင်တွယ်ပြသလို့မရပေမယ့် ခံစားလို့ရတယ်

အကြောင်းပြချက်မရှိဘူး အရှုံးအနိုင်မရှိဘူး

အချစ်ဟာဘာလဲလို့မေးယင် နားလည်အောင်ရှင်းပြဖို့မလွယ်ဘူး

ကိုယ်တိုင်ချစ်ကြည့်ယင်တော့ မေးခွန်းတွေမေးစရာမလိုပဲ အပြည့်အဝနားလည်လာလိမ့်မယ်

တစ်ခါတစ်ခါ အချစ်ကခါးချင်ခါးမယ်

တစ်ခါတစ်လေ အချစ်ကရက်စက်ချင်ရက်စက်မယ်

ဒါပေမယ့် ဘယ်တော့မှမချစ်တော့ဘူး

အချစ်ကိုမုန်းတယ်လို့ဘယ်တော့မှလွယ်လွယ်မပြောလိုက်ပါနဲ့

အချစ်နဲ့အမုန်းဆိုတာ တကယ်တော့ကျောချင်းကပ်ရပ်ပဲလေ

အချစ်က တစ်ခါတစ်လေအရမ်းနာကျင်စေတယ်

ဒါပေမယ့် ကိုယ်အချစ်ဆုံးလူတစ်ယောက်ကိုမုန်းရတာကပိုနာကျင်ပါတယ်

မချစ်ပဲနေလို့ဖြစ်တော့ဖြစ်တယ်

ဒါပေမယ့် မိတ်ဆွေရဲ့နှလုံးသားကိုခွဲထုတ်ထားမှဖြစ်မှာနော်

ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုတော့မလိမ်ချင်ပါနဲ့

တကယ်တမ်းမှာတာ့ အချစ်ဆိုတာ နားလည်ရခက်တဲ့ တန်ခိုးရှင်ပါပဲ

အချိန်တွေ နေရာတွေ ပြောင်းလဲနေပေမယ့် မပြောင်းလဲခြင်းတစ်ခုတော့ရှိတယ်

အဲဒါကတော့

လူသားတွေဟာ အချစ်ကိုဆက်လက်ကိုးကွယ်နေကြဦးမှာပါပဲလေ...။

Saturday, February 6, 2010

ငရဲပြည်သွားတောလား


(၁)

တစ်နေ့သောနွေလည်ညတစ်ညမှာမောင်စနေဟူအမည်နာမရှိလေသော ထိုသကောင့်သားသည်

ငှက်ဖျားရောဂါနှိပ်စက်လေပြီးသကာလ အဖျားငယ်ထိပ်တက်ပြီးလျှင် သတိကင်းမဲ့၍ မေ့မြောခြင်းသို့ရောက်လေ၏

“ဟေ့ကောင် ငစနေ ထ ထ”

“အိပ်လို့မဝသေးဘူးဗျာ နေဦး နောက်ထပ် ၁၅ မိနစ်လောက်နေမှလာနှိုး”

“အောင်မာ လူဝါးဝလို့ မျက်စိကိုဖွင့်ပြီး ငါဘယ်သူများလဲလို့ကြည့်စမ်းပါဦး”

“အာ တော်တော်ရှုပ်တဲ့လူပဲဗျာ ဘယ်သူလဲ”

ဟိုက် ဘယ်နှယ့်လူလဲဗျာ ဆိုးလိုက်တဲ့ရုပ် မျက်ကွင်းဟောက်ပတ် အရိုးငေါငေါထနေတဲ့မျက်ခွက် ပိန်လိမ်ပြီး

နံရိုးအပြိုင်းပြိုင်းနဲ့Bodyက ဗေလုဝနဲ့နင်လားငါလား စောင်ကြီးကလဲခေါင်းမြီးခြုံလို့ လက်ထဲကလဲ တုတ်ကောက်တစ်ချောင်းနဲ့

“နေစမ်းပါဦး ခင်ဗျားကို ကျုပ်တစ်ခါမှလဲမမြင်ဖူးပါကလား ဘယ်သူတုန်းဗျ အလှူခံလား လူကြီးတွေမရှိဘူး နောက်မှလာခဲ့”

“အောင်မာ အောင်မာ အေး မသိယင်မှတ်ထား သေမင်းဆိုတာငါပဲကွ”

“အမ်....ဘာရယ်..ဘယ်..ဘယ်လို ခင်ဗျားက သေ..သေမင်း ဟုတ်လား”

“အေး သိပ်ဟုတ်တာပေါ့ကွ မင်းအခုသေပြီ လာ ငါနဲ့လိုက်ခဲ့”

“အာ မလိုက်ပါဘူး ဘာလို့လိုက်ရမှာလဲ သွား သွား မလာနဲ့ မလိုက်ဘူး”

“အမယ် ဒီလိုလုပ်လို့ရမလားကွ အေး လောကမှာမသေတဲ့လူမရှိဘူး အနှေးနဲ့အမြန်သေမှာပဲ လာလိုက်ခဲ့”

“ကျွန်တော်ကလူကောင်းလေးပါဗျာ အသက်ကလဲငယ်ငယ်လေးရှိသေးတာ မိန်းမတောင်မရသေးဘူး

လိမ္မာပါတယ်ဦးလေးကြီးရယ် မလိုက်ပါရစေနဲ့နော် နော် ဦးလေးကြီး နော် အဟဲ အနော် ဘီယာလိုက်တိုက်မယ်လေ နော်”

“အောင်မာ ရာရာစစ သေမင်းကိုများ လာဘ်လာထိုးနေတယ် မရဘူး လာခဲ့ စခမ်းရောက်မှရှင်း အဲလေ ယမမင်းရှေ့ရောက်မှရှင်း”

“အား အမယ်လေး ကယ်ကြပါဦးဗျာ”

မောင်စနေရဲ့အော်သံဟာ လည်ချောင်းဝမှာဆို့နစ်ပျောက်ကွယ်သွားပါတယ်

ဒီနောက်မှာတော့ လောကကြီးတစ်ခုလုံးအမှောင်အတိဖုံးလို့

တစ်ခါတလေ ညည်းသံတွေကြားလိုက် တစ်ခါတစ်လေ ရယ်သံတွေကြားလိုက် တစ်ခါတစ်လေ ငိုသံတွေကြားလိုက်

သိတစ်ချက် မသိတစ်ချက် သြော် ဘယ့်နှာပါလိမ့်...။


(၂)

“ဗျို့ သေမင်းငနာကြီး မရောက်သေးဘူးလားဗျ ကြာကြာလှပြီ”

“ဟေ ဘယ်လိုဖြစ်သွားတာလဲ ဦးလေးကြီးမဟုတ်တော့ဘူးလားဟ”

“ဟွန်း ခင်ဗျားက အထူအပါးမှနားမလည် ညှိလို့မှမရတာ ခင်ဗျားကို စေတနာပျက်သွားပြီ ငနာကြီရဲ့..

ကဲ ပြောစမ်းပါ မရောက်သေးဘူလား”

“အေး ရောက်တော့မှာပါကွာ လမ်းနည်းနည်းပိတ်နေလို့ နောက်ပြီး ချိုင့်ခွက်တွေရှောင်မောင်းနေရလို့”

“အန် ငရဲပြည်သွားတဲ့လမ်းမှာလဲ ချိုင့်ခွက်တွေရှိတာပဲလားဗျ အံ့သြကုန်ဖွယ်ရာပဲဗျာ”

“အမယ် မအံ့သြနဲ့ဟေ့ ငရဲပြည်သွားတဲ့လမ်းက အယင်ကတော့ ကောင်းသကွ

အခုကျတော့ ငရဲပြည်ကနေရာရွှေ့ထားတာမကြာသေးတော့..”

“အယ် ငရဲပြည်ကနေရာရွှေ့သေးတယ်လား”

“ဟေ့ကောင် စကားကိုဖြတ်ဖြတ်မပြောစမ်းပါနဲ့”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

“အေး ငရဲပြည်က ဘယ်ကိုနေရာရွှေ့သလဲ မင်းသိရဲ့လား”

“ဘယ်သိမလဲဗျ ပြောစမ်းပါဦး”

“အေး ငရဲပြည်နေရာရွှေ့လိုက်တာကတော့ မင်းတို့မြန်မာပြည်အောက်ပဲကွ”

“ဟင် ဘယ်လိုဖြစ်လို့တုန်းဗျ”

“အေး မှတ်ထား ငရဲပြည်ဆိုတာ အကုသိုလ်အများဆုံးလူတွေနေတဲ့နေရာနဲ့ အနီးဆုံးမှာရှိတာမျိုးကွ”

“လမ်းစရိတ်သက်သာအောင်လို့လား”

“အေးပေါ့ကွ အာ...ဘာတွေလျှောက်ပြောနေတာလဲ အကုသိုလ်များတဲ့လူတွေကို ငရဲကိုတစ်ခါတည်းဆွဲချလို့ရအောင်လို့

သူတို့နဲ့အနီးဆုံးနေရာကို လိုက်ရွှေ့ရတာကွ အယင်က အာဖဂန်နစ္စတန်အောက်မှာရှိတာ အခုတော့ မင်းတို့နိုင်ငံက

အကုသိုလ်ပြုသူများစာရင်းမှာ နံပတ်တစ် ပြိုင်ဘက်မရှိဗိုလ်စွဲသွားလို့ ငါတို့လဲလိုက်ပြောင်းရတော့တာပဲကွ”

“ဟမ် မဖြစ်နိုင်တာ ကျုပ်တို့နိုင်ငံကလူတွေက အလွန်သိမ်မွေ့တာ အားနည်းသူဆိုကူညီတတ်တယ်ဗျာ

ဘုရားတရားလဲမြဲတယ် အလှူအတမ်းဆိုလဲရက်ရော နိုင်ငံအစိုးရဆိုလဲ မင်းကျင့်တရား ၁၀ပါးနဲ့အညီ..”

“ဟေ့ကောင် အိပ်မက်တွေမက်ပြီး မင်းမမီလိုက်တဲ့ ရှေးပဝေသဏီကဟာတွေ လျှောက်ပြောမနေနဲ့”

“မဟုတ်ဘူးလေ စာတွေထဲမှာတော့ အဲလိုပဲဖတ်ရတာပဲ ဟာပဲကို”

“တော် တန် တိတ် အကြော်ပန်းကန်ဖိတ်..အဲလေ တော် ဘာသိမ်မွေ့တာလဲ အသက်လေးငါးနှစ်ကလေးတွေကအစ

ရပ်ကွက်ထဲပတ်ပြီး မိုးမွှန်အောင်ဆဲဆိုနေတာ မိဘတွေကလဲဆဲ သားသမီးကလဲဆဲ ဒါလားသိမ်မွေ့တာ”

“အဲဒါကလေ ဟိုဟာကလေ”

“တော် အားနည်းသူဆိုကူညီတယ်ဟုတ်လား ဟား ဟား ဟား ရယ်ရလွန်းလို့အူတောင်နာတယ်

မင်းတို့ဆီမှာမုန်တိုင်းတွေဖြစ်လို့ မင်းတို့လူတွေ သေကြေပျက်စီး ဆင်းရဲမွဲတေ ငတ်ပြတ်နေတော့ ဘယ်မှာလဲ

လုံလောက်တဲ့အကူအညီ ဟမ်..ဘယ်မှာလဲ အားနည်းသူကိုကူညီတယ်ဆို ဟေ ဘယ်မှာလဲကွ

မကူညီတဲ့အပြင်စာနာပြီးလာကူညီကြတဲ့ လူစိမ်းတွေကို နှောက်ယှက်ဟယ်ပြုဟယ်နဲ့ ဟမ် အဲဒါလားကူညီတာ”

“ဒါကတော့ဒီလိုရှိပါတယ် ဟိုဟာကတော့ဟိုလိုရှိ”

“တော် မကြားချင်ဘူး ဘာရယ် ဘုရားတရားမြဲတယ်ဟုတ်လား အေး မနက်မိုးလင်းတာနဲ့ ခုနစ်အိမ်ကြားရှစ်အိမ်ကြား

ဘုရားစာတွေအော် ပရိတ်တွေရွှတ် တစ်ခါတစ်လေ ဘုရားစာရွတ်နေယင်းက ကလေးတွေကိုအော်လားအော်ရဲ့

ယောင်္ကျားကိုဆဲလားဆဲရဲ့ ပြီးယင် အို တောင်းလိုက်တဲ့ဆုတွေ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ အသက်ရှည် အဆင်းလှ

အောင်မလေးစုံနေတာပဲ ပြီးတော့လဲ အရက်လေးသောက်လိုက် ဖဲလေးရိုက်လိုက် မိန်းမလေးရှုပ်လိုက် နောက်မီးလင်းလိုက်

ခိုးလိုက် ဝှက်လိုက် သတ်လိုက်ဖြတ်လိုက် ဘုရား တရား သံဃာတွေကိုဆိုလဲ ရိုသေရမှန်းမသိ ပြစ်မှားလိုက်ကြတာ ဒါလား

ဘုရားတရားမြဲတာ ဟေ ပြောစမ်းပါဦး”

“ဒါကတော့..”

“တော် တန် တိတ်”

“လာပြန်ပြီ တော်တန်တိတ် သူပဲပြောဆိုပြီးတော့”

“ဘာကွ သေမင်းကိုရွဲ့တာလား နေဦး စကားပြောတာမပြီးသေးဘူး ဘာလဲ နိုင်ငံအစိုးရကမင်းကျင့်တရား၁၀ပါးနဲ့အညီ

အုပ်ချုပ်တာဟုတ်လား..အဲ အဲဒါကတော့ သေမင်းအတွက်ရှော့ရှိတယ် ဟော ငရဲပြည်ကိုရောက်ပြီ”

“ဟင် သူရောက်ချင်တော့လဲ မြန်လိုက်တာ သေမင်း ခုနဟာဆက်ပြောဦးလေ မင်းကျင့်တရား၁၀ပါးနဲ့အညီဘာဖြစ်လဲ”

“ဟေ့ကောင် မရှည်နဲ့ ငါရောက်ပြီဆိုရောက်ပြီပေါ့ တော် တန် တိတ်”

“ထားပါတော့ဗျာ ခင်ဗျားလက်ထဲက သေးခွက်ပဲ သွန်လိုသွန် မှောက်လိုမှောက်”

“ဝေါ့ ထွီ ငါကသေးခွက်ကြီးကိုင်ပြီးဘာလုပ်ရမှာတုန်း တော် ယမမင်းရှေ့ကိုဝင်မယ်”

“ဒါနဲ့ သေမင်း ငရဲပြည်ကလဲမှောင်လိုက်တာဗျာ ဘာလဲ မီးပျက်နေတယ်လား”

“အေးကွ ဒီနေ့မီးပျက်မဲ့အလှည့်..အာ..ဘာတွေလျှောက်ပြောနေတာလဲ ငရဲပြည်ဆိုတာ ဒီလိုပဲမှောင်တယ်ကွ

မင်းရုပ်ရှင်ထဲမှာမကြည့်ဖူးဘူးလား”

“အမ် ဂလိုလား ကြည့်ဖူးဘူးဗျ”

“လာ လာ ယမမင်းရှေ့ဝင်မယ် မျက်နှာပိုးသတ်”

သနားစရာမောင်စနေခမျာ သေမင်းခေါ်ရာနောက်သို့ မျက်နှာလေးဇီးရွက်လောက်နှင့်

ခေါင်းငိုက်စိုက်ချလို့လိုက်သွားရှာပါတော့တယ်

(အဟင့် ရွှတ် ဖတ်)

(သေမင်း “ဝေါ့ တေနာလေး နင့်နှပ်ချေးတွေ ငါ့လာစင်နေပြီ”)


(၃)

“ပြောစမ်း နာမည်”

“မောင်စနေပါခင်ညာ”

“အသက်”

“၂၄နှစ် ၄လနဲ့ ၁၇ရက်ပါခင်ညာ”

“မင်းဒီကိုဘာလို့ရောက်လာလဲ သိရဲ့လားကွ ဟေ”

“ဟုတ် ဒီကဦးလေးကြီး ဖရီးပို့ပေးလို့ အလည်လိုက်တာပါခင်ညာ အခု လည်ချင်တော့ဘူး ပြန်တော့မယ် ယမမင်းရေ ဘိုင့်ဘိုင့်”

“အောင်မာ ဟေ့ ငရဲထိန်းတွေ ဒီကောင့်ကိုချုပ်ထားစမ်း ဘာလဲ ရူးသလို ပေါသလိုနဲ့”

“အဟီး အန်ကယ်ချောချောကြီးကလဲ အလကားချတာပါဗျ အဲလေ စတာပါဗျ”

“အောင်မာ မခန့်လေးစားနဲ့ တော် တန် တိတ်”

“အာ..လာပြန်ပဟ သူလဲ တော်တန်တိတ်ပဲ”

“တော်ပြီ ငါမေးတာဖြေ လျှာမရှည်နဲ့ အသက်မရှူနဲ့ အီးမပေါက်နဲ့ နာရွက်မခတ်နဲ့”

“အီး စက်ရက်တယ် အဲလေ ရက်စက်တယ်”

“အေး မင်းဒီကိုရောက်လာတာ အကုသိုလ်များလို့ပဲကွ”

“ဟာ မဖြစ်နိုင်တာ ကျွန်တော်လိုလူကောင်းသူကောင်းလေးက အကုသိုလ်မများပါဘူးဗျာ မတရားမစွပ်စွဲနဲ့”

“ဟား ဟား မင်းကဝန်မခံဘူပေါ့ အေး မင်းကို ငါပဲပြောပြရသေးတာပေါ့ အေး မင်းလူ့ဘဝမှာတုန်းက ဆေးရုံမှာ

ဆင်းရဲတဲ့လူနာတွေကို ဆေးဝါးအပြည့်အစုံသုံးပြီး မကုဘူး နောက်ပြီး Expired ဖြစ်ပြီးသားဆေးတွေပေးတယ် ကဲ

ရှင်းနိုင်ယင်ရှင်း”

“သြော် ဒါက နားလည်မှုလွဲတာပါခင်ညာ အနော်တို့ဆေးရုံမှာ ဆင်းရဲတဲ့လူနာကများတယ်ဗျ အဲတော့ဆရာဝန်ကြီးတွေက

FOC (free of charge) ပေးလိုက်ဆိုပြီးပြောတယ်ခင်ည”

“အေးလေ ဒါကောင်းတာပဲ ပေးသင့်တာပေါ့”

“ပေးတာတော့ဟုတ်ပါတယ် ဒါပေမယ့်တကယ်တမ်းအဲဒီအတွက်ခေါင်းပူရတာက အနော်တို့ ချာဝန်လေးတွေခင်ည”

“ဟေ့ကောင် စကားကိုပီအောင်ပြော ဘာလဲ ချာဝန်”

“သြော် အဲ ဆရာဝန်လေးတွေလို့ပြောတာပါခင်ညာ အဲ ဘယ်ရောက်သွားပါလိမ့် အော် သိဘီ အဲလိုမျိုး FOC ပေးရမယ်ဆိုလို့

အကြီးတွေဆီကတောင်းယင် ဟိုလူ့လွှဲချ ဒီလူ့လွှဲချနဲ့ ဘောလီဘောပုတ်ကြတယ်ဗျ”

“မင်းတို့ဆရာဝန်တွေက ဆေးရုံမှာ ဘောလီဘောပုတ်တယ် ဟုတ်လား”

“သြော် ဝေးပါ့ ခေါင်းရှောင်တာပြောတာဗျ”

“သြော် အေးအေး ဆက်ပြော”

“အဲဒီအခါကျယင်အနော်တို့မှာ အမြှုပ်ထွက်မတတ် ဟိုလူ့အပူကပ်ရ ဒီလူ့အပူကပ်ရနဲ့ ဆေးဗီရိုတွေမွှေရနဲ့

ဖတ်ဖတ်ကိုမောနေတာပဲ သိပ်ဈေးမကြီးတာမျိုးကျတော့လဲ အိမ်ကပေးတဲ့မုန့်ဖိုးထဲက ဖဲ့ပြီး အိပ်စိုက်ပေါ့ ကဲဒီတော့

တစ်ခါတစ်လေကျတော့လဲ နဲနဲလစ်ဟင်းတာမျိုးလေးတွေ ဆေးဝါးအပြည့်အဝမသုံးလိုက်နိုင်တာတွေရှိတာပေါ့ဗျာ”

“အေး ဟုတ်ပါပြီ ဒါနဲ့ Expired ဆေးတွေသုံးတာကျတော့ရော ဘယ်လိုဖြစ်ရတာတုန်း”

“ဒါကဒီလိုဗျ ဆေးရုံမှာက စည်းကမ်းတစ်ခုရှိတယ် ဆေးတွေအသစ်ရောက်ပြီဆို FA(First Assistant)ဆရာဝန်ကြီးက

သိမ်းထားတယ် Expired ဖြစ်ပြီဆိုမှထုတ်ပေးတယ်လေ သူ့ခမျာလဲစေတနာနဲ့ချန်ထားတာထင်ပါတယ်ခင်ည တစ်ချို့

လူနာတွေအတွက်ဆိုယင်တော့ အကောင်းဆုံး အသစ်ဆုံး အစွမ်းအထက်ဆုံး ဆေးဝါးတွေ အခမဲ့သုံးပေးပါတယ်ဗျ”

“ဘာကွ လူနာအချင်းချင်း ဘာလို့ခွဲခြားခွဲခြားလုပ်တာလဲ”

“သြော် ယမမင်းကြီးကလဲ မတူဘူးလေ ဟိုက ရိုးရိုးလူနာ ဟဲ ဟဲ ဟိုက လူကြီးတို့ သူမတို့လေ ဟဲ ဟဲ

ဘောပေါက်..အဲလေ သဘောပေါက်တယ်မဟုတ်လား”

“အေးကွ မင်းပြောတေ့လဲဟုတ်သလိုလိုပဲကွ ဟိုက လူကြီးတို့ ဘာလဲ သူမတို့ အေးအေး လူကြီးကိုရိုသေတာ ကောင်းပါတယ်

ကောင်းပါတယ်လေ ဒါပေမယ့် မင်းကအလှူဒါနလဲ မလုပ်ပါလားကွ သူများတွေဆိုကြည့်စမ်း လှူလိုက်ကြတာ

သီရိသုဓ္ဓမဘာညာကွိကွ ဘွဲ့တွေဘာတွေတောင်ရလို့ မင်းတို့နဲ့များကွာပ”

“အ ဟင့် ဟင့် အီး ဟီး ဟီး ဗြဲ”

“ဟာ ဟေ့ကောင် ဘာလို့ အသံပြဲကြီးနဲ့ထငိုနေတာလဲကွ”

“ကိုယ့် ဘဝကိုကိုယ် သနားလွန်းလို့ အီးဟီး မတားနဲ့ မရဘူး ငိုမှာပဲ အီးဟီးဟီး”

“အာ ဟေ့ကောင်တော်တော့ မတော်ယင် ငါ တင်းပုတ်နဲ့ထထုလိုက်မယ်နော်”

“အိ ငိုတာတောင်ကောင်းကောင်းမငိုရဘူး အောင်မလေးနော်”

“နေစမ်းပါဦး မင်းကဘာလို့ငိုရတာတုန်း”

“သြော် ဒီလိုပါခင်ညာ အနော်တို့ဆရာဝန်တွေခမျာ တစ်လ တစ်လကိုမှ ရှစ်သောင်းပဲရပါတယ်ခင်ညာ”

“ဘာ ရှစ်သောင်းတောင်ရတယ် ဟုတ်လား တစ်ဒေါ်လာရှစ်ကျပ် ဆိုတော့ ဟာ ဒေါ်လာတစ်ထောင်တောင်ရတာပဲကွ”

“ဘာတွေလျှောက်ပြောနေတာလဲ ဘာ တစ်ဒေါ်လာ ရှစ်ကျပ်လဲ ရူးနေလား နှမ်းနေလား ဦးနှောက်မှမှန်ရဲ့လား”

“မင်းကလဲကွာ အဲလောက်ကြီးတော့မပြောပါနဲ့ ငါက ယမမင်းလေကွာ”

“ဘာယမမင်း ဘာယမမင်းလဲ နားမလည်ဘူး ကျန်တာပြောချင်တာပြော ဒါမျိုးကိစ္စမှာတော့ လာမဖောနဲ့ ခင်ဗျားရှစ်သောင်းက

စားဖို့တောင်မလောက်ဘူး ဘက်စ်ကားခတောင်မလောက်ဘူး နားလည်လား ပိုက်ဆံလှူစရာမရှိလို့ ရှိတဲ့သွေးလှူတုန်းက

ခင်ဗျားဘယ်နားသွားအိပ်နေသလဲ သေနာကျရဲ့”

“မင်းကလဲ စိတ်ထိန်းပါကွာ အေးပါ အေးပါ မင်း သွေးလှူဘူးတယ်ဆိုတော့လဲ ငါလျှော့ပေါ့စဉ်းစားပေးမှာပေါ့ကွာ”

“ဟင်း စိတ်ကြီးတယ်နော် လာမဆွနဲ့ အကြိတ်ခံရမယ်”

“အောင်မာ လူဝါးဝလို့ ယမမင်းကိုများ ဟိန်းလားဟောက်လားနဲ့ တော် တန် တိတ်”

“အဟီး ကြောက်နေတယ်မှတ်လို့ ဖြဲခြောက်ကြည့်တာပါခင်ညာ ဗွေမယူပါနဲ့နော်”

“အေး ရှိစေတော့ ရှိစေတော့ အေး မင်းကိုအခွင့်အရေးတစ်ခုပေးမယ်ကွယ် မင်းလူ့ဘဝတုန်းက

ဘာကောင်းမှုကုသိုလ်လုပ်ဖူးလဲပြောစမ်း”

“ဟား ဟုတ်ပြီ အနော် ကိုရင်နှစ်ခါ ဘုန်းကြီးတစ်ခါဝတ်ဖူးတယ် နောက်ပြီး ရွှေတိဂုံဘုရားပေါ်မှာ

ဘုရားဖူးတွေကိုအဖျော်ရည်ကပ်ဖူးတယ် နောက်ပြီး..”

“ဟိုး ဟိုး ဟိုးထား ရပြီ တော်ပြီ မင်းလူ့ပြည်ပြန်တော့”

“အန် တကယ်လား တကယ်ပြန်ရမှာလား”

“ဘာလဲ မင်းကမပြန်ချင်ဘူလား”

“မ..ဟုတ်ပါဘူး ဟီး ဟီး မင်တက်သွားလို့ ပြန်မယ် ပြန်မယ် အခုပြန်မယ်”

“နေဦး”

“အာ ယမမင်းဆိုတာပြောပြီးစကားတည်ရတယ်နော် မညစ်နဲ့”

“အောင်မာ မင်းက ငါ့ကိုများ အေး မင်းမပြန်ခင် သေမင်းကမင်းကို ငရဲပြည်ကိုလျှောက်ပြပေးလိမ့်မယ် သေချာလိုက်ကြည့်

လူ့ပြည်ပြန်ရောက်ယင် ကောင်းမှုကုသိုလ်ရသလောက်ရှာ ဒါန သီလ ဘာဝနာမမေ့နဲ့ ကြားလား”

“ဟုတ်ကဲ့ပါခင်ညာ”

“သေမင်းရေ မောင်မင်း ဒီငနာလေးကိုလိုက်ပြလိုက်ပါ”

“ကောင်းပါပြီယမမင်းခင်ဗျား ကျွန်တော်မျိုးလိုက်ပြပေးလိုက်ပါ့မယ် လာ ငစနေ သွားမယ်”

ဒီတစ်ခါတော့ မောင်စနေတစ်ယောက် အလာတုန်းကလိုမဟုတ် ရင်မော့ခေါင်းကော့လို့ အဲလေ..ရင်ကော့ခေါင်းမော့လို့

သေမင်းခေါ်ရာနောက်သို့ တစ်ကောက်ကောက်လိုက်ပါတော့၏


(၄)

“သေမင်းရေ ဒီမှာမာဆတ်တို့ ကာရာအိုကေတို့ရှိဘူးလား ဝင်နှပ်ရအောင်လေ”

“အောင်မာ ငရြဲပည်ပါဆို ရှိမလားဟ တော် မြန်မြန်လာ”

“ဟုတ်”

တစ်နေရာအရောက်မှာတော့ ပါးစပ်ထဲ သံရည်ပူအလောင်းခံရပြီး ကျောကုန်းကို တင်းပုတ်နှင့်အထုခံနေရသော

ငရဲသားများကိုတွေ့ရသည်

“အေး ဒါက သူတို့လူ့ဘဝတုန်းက လာဘ်တွေစား မုသာဝါဒတွေကျူးလွန် မျက်စိမှိတ် နားပိတ်ပြီး

မျက်နှာပြောင်အလွန်တိုက်တဲ့ကောင်တွေပေါ့ကွာ”

“သြော် ဟိုလူကြီးမြင်ဖူးသလိုရှိပါတယ်မှတ်တာ စာနယ်ဇင်းတွေအင်တာဗျူးယင် ကျက်သရေမရှိတဲ့ရုပ်နဲ့

အိပ်ငိုက်နေတတ်တဲ့ပုဂ္ဂိုလ်ကြီးပဲ”

“အေး သိပ်ဟုတ်တာပေါ့ကွာ သူ့အကုသိုလ်ကြောင့်ဒီလိုခံနေရတာပေါ့”

ဒီလိုနဲ့ဆက်လျှောက် တစ်နေရာအရောက်မှာတော့ ငရဲသားနှစ်ကောင် တစ်ယောက်ကိုတစ်ယောက် တင်းပုတ်နဲ့ သဲကြီးမဲကြီး

ထုနှက် ထွက်လာတဲ့ သွေးတွေ ပြည်ပုတ်တွေကို အလုအယက်စားလို့ ဝေါ့ မောင်စနေတောင် ပျို့အန်ချင်သလိုဖြစ်လာပါသည်

“သေမင်း ဒီကောင်တွေက ဘာလို့ရန်ဖြစ်နေကြတာလဲဗျ”

“သြော်အဲဒါက မုန်းတိုင်းခံဒုက္ခသည်တွေအတွက် သူများလှူထားတဲ့အလှူပစ္စည်းတွေကို ကြားကဖြတ်အုပ်တဲ့ကောင်တွေပေါ့ကွာ

လူဘဝမှာထဲက အဝေမတည့်တဲ့ကောင်တွေဆိုတော့ အခုလဲ တစ်ယောက်နဲ့တစ်ယောက် သူ့ကြောင့် ငါ့ကြောင့်နဲ့

သတ်နေကြတာပေါ့ကွာ”

“သြော် ဒုက္ခ ဒုက္ခ”

နောက်တစ်နေရာအရောက်မှာတော့ ဆူးတွေ အဆိပ်ပင်တွေနဲ့ ပြည့်နှက်နေတဲ့ ၁၀ပေပတ်လည်မရှိတရှိ အခန်းလေးတွေ

အဲဒီအခန်းငယ်လေးတွေထဲမှာ ငရဲမီးတွေ သံရည်ပူတွေကလဲအဆက်မပြတ်ပန်းထွက်လို့

အခန်းဝမှာလဲ အရပ် ၉ ပေလောက်ရှိမယ့် အသားနီစပ်စပ် ငရဲထိန်းကြီးတွေက မြနေအောင်ချွန်ထက်နေတဲ့လှံလိုမျိုးလက်နက်တွေနဲ့

ခါးမှာလဲ သံကြာပွတ်တွေ တုတ်တွေ သံချောင်းတွေ..

“အဲဒီငရဲထိန်းတွေက ကင်ပေတိုင်ဘဝကလာတဲ့ကောင်တွေလေ ဒီငရဲအတွက်သီးသန့်တာဝန်ပေးထားတာ”

“သြော် တယ်ဟုတ်ပါလား ဒါနဲ့ ကျခံရမယ့် ငရဲသားလဲမတွေ့ပါကလားဗျ”

“အေး ကျခံရမယ့် ငရဲသားက မလာသေးဘူး ဒီကောင်တွေက ဘုရားကိုလဲစော်ကား တရားကိုလဲစော်ကား

သံဃာကိုလဲစော်ကာရုံမက သတ်ဖြတ် အမှန်တရားကိုမျက်ကွယ်ပြု ပြည်သူလူထုရဲ့ပစ္စည်းဥစ္စာတွေ အခွင့်အရေးတွေကို

မတရားသဖြင့်ဖျက်စီး သိမ်ပိုက် သူများသားပျိုသမီးပျိုတွေကိုဖျက်စီးစော်ကား ယုတ်မာကောက်ကျစ်တဲ့ကောင်တွေ ခွေးလောက်မှ

တန်ဖိုးမရှိတဲ့ကောင်တွေပေါ့ကွာ အေး ယမမင်းက ဒီကောင်တွေကို ထိုက်တန်အပြစ်ဒဏ်ပေးဖို့ ဒီငရဲခန်းတွေကို

စနစ်တကျတည်ဆောက်ထားတာပဲ သိပ်မကြာခင် အသုံးပြုလို့ရတော့မှာ အဲဒီအခါကျယင် ဟိုအကုသိုလ်ကောင်တွေကို ငါကိုယ်တိုင်

ဂုတ်ကနေဆွဲချမယ်”

“ကောင်းတယ် ဒီလိုကောင်မျိုးတွေ ဒီလိုပဲဇာတ်သိမ်းရမှာပေါ့ ကောင်းတယ်”

“အေး မောင်စနေရေ မင်းကို ဒီလောက်ပဲလိုက်ပြတော့မယ်ကွာ မင်းလဲလူ့ပြည်ပြန်ရောက်တဲ့အခါ

ကောင်းမှုကုသိုလ်လုပ်ဖို့အမြဲသတိရှိနေပါ ဒါန သီလ ဘာဝနာမပြတ်ပါနဲ့ သူများတွေကိုလဲ ကောင်းမှုကုသိုလ်ပြုဖို့ တိုက်တွန်းပါ

မေ့နေယင်သတိပေးပါ ကြားလား”

“ကောင်းပါပြီဗျာ ခင်ဗျားပြောတဲ့အတိုင် ကျွန်တော်လိုက်နာပါ့မယ်”

“အေး မင်းအခုတော့ သေနေ့မစေသေးလို့ မသေသေးဘူး ဒါပေမယ့် လူ့ဘဝဆိုတာခဏလေးပဲ အသက်ရှင်တုန်း လူဖြစ်တုန်း

ဗုဒ္ဓသာသနာနဲ့ကြုံခိုက် အချိန်ကို အကျိုးရှိရှိသုံးပါ မင်းသေနေ့စေ့တဲ့တစ်နေ့ ပြန်တွေ့ကြတာပေါ့ကွာ ကဲသွားတော့”

“အား.....”

သေမင်းဟာ ပြောပြောဆိုဆို မောင်စနေရဲ့ရင်ဘတ်ကို သူ့လက်နဲ့တွန်းလိုက်တယ်ဆိုယင်ပဲ

လေပြင်းတစ်ချက်တိုက်ချလိုက်သလိုခံစားလိုက်ရပြီးနောက်မှာတော့ လောကကြီးတစ်ခုလုံးအမှောင်အတိကျလို့...။


(၅)

“ရေ...ရေပေးပါ ရေငတ်တယ်”

“ဟယ် သားလေး သတိရလာပြီတော့ အဖေကြီးရေ ဒီမှာ သားလေးသတိရလာပြီတော့ သားလေး ဘယ်လိုနေသေးလဲ

ဝမ်းသာလိုက်တာ သားလေးရယ်”

“အမေ ရေတိုက်ပါ ရေငတ်တယ်”

“ဒီမှာ ရော့သားလေး သောက်လိုက် ဖြေးဖြေးသောက်”

သေရွာပြန်မောင်စနေဟာ သူ့အမေပေးတဲ့ရေကို တကွတ်ကွတ်မြည်အောင် အငမ်းမရသောက်ချလိုက်ပါတယ်

ပြီးတော့

“သား ငရဲပြည်ကပြန်လာတာအမေရ”

“အန် ဘယ်လို ငရဲပြည်က”

“နောက်မှပဲအေးဆေးရှင်းပြတော့မယ်အမေရာ ခုအရေးကြီးတာအယင်လုပ်ရမယ်”

ပြောတုန်းဆိုတုန်းပဲ မောင်စနေတစ်ယောက် အိပ်ယာမှ ကုန်းရုန်းထလိုက်ပြီး ဘုရာစင်ရှေ့ဝယ်ဒူးတုပ်ယင်း “သြကာသ သြကာသ

သြကာသ” အစရှိတဲ့ သြကာသကန်တော့ချိုးကို အသံပြဲကြီးဖြင့်ရွတ်ဆိုကာ ဖင်ပူးထောင်းထောင် ရှိခိုးလိုက်လေတော့သတည်း....။